စတိဂျော့ (Steve Jobs) ဆိုတာဘယ်သူလဲဆိုတာ လိုက်မေးနေစရာတော့ လိုမယ်မထင်ပါဘူး။
Apple ကုမ္ပဏီရဲ့ ပဲ့ကိုင်ရှင်။ ဆန်းကျယ်ထူးခြားတဲ့ ခေတ်သစ်နည်းပညာနယ်ပယ်ကြီးဆီ လူသားတွေကို တရွတ်တိုက်ဆွဲခေါ်ခဲ့သူ။ ကမ္ဘာပေါ်ကလူတွေ တမ်းတမ်းစွဲလိုချင်တဲ့ အိုင်ဖုန်းကို ထုတ်လုပ်သူ။ တကယ်တော့ သူ့ဂုဏ်တွေကို ဖော်ထုတ်ဖို့က နည်းနည်းတော့ ခက်တာအမှန်ပါ။
သူတည်ထောင်တဲ့ Apple ကုမ္ပဏီရဲ့ ဆောင်ပုဒ်ကိုက “Think Different - ကွဲပြားစွာ တွေးပါ” တဲ့။
ဘုရားသခင်က လူသားတွေကို ဖန်ဆင်းတယ်ဆိုရင် ဒီနေ့ခေတ်လူသားတွေဟာလည်း စတိဂျော့ရဲ့ဖန်တီးမှုနဲ့ကင်းလွတ်တဲ့ လူရယ်လို့ မရှိသလောက်ရှားပါလိမ့်မယ်။ နည်းနည်းတော့ အိုဗာဖြစ်သွားတယ်ထင်လိမ့်မယ်။
ဥပမာ မိုးလင်းရင် လူတစ်ယောက် ဖုန်းကို ကောက်ကိုင်၊ ထိပြီး (Touch) ဖွင့်လိုက်တယ်။ အဲဒီလို စမတ်ဖုန်းတွေမှာ Touch Screen ဖြစ်နေတာ စတိဂျော့ရဲ့ လက်ရာပေါ့။ စမတ်ဖုန်းတွေအကုန်လုံး Touch Screen တွေဖြစ်ကုန်တာက iPhone ကနေ လမ်းသစ်ဖောက်ခဲ့လို့ပါ။ ဒါကြောင့် စတိဂျော့ဖန်တီးမှုနဲ့ မကင်းဘူး။ MacBook သုံးရင်လည်း မကင်းဘူး။ ကလေးဘဝထဲကစလို့ အားလုံးသိတဲ့ Toy Story Cartoon ကို ရေးဆွဲခဲ့တဲ့ Pixar ဟာလည်း Steve Jobs ရဲ့ ဖန်ဆင်းမှုတစ်ခုပါ။ ဒီလိုနည်းတွေနဲ့ ကျွန်တော်တို့ အားလုံးနေ့စဉ်လူမှုဘဝကို Steve Jobs က ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။
Steve Jobs ဟာ ၂၀၁၁ မှာကွယ်လွန်သွားခဲ့ပေမယ့် သူ့ကို တစ်ကမ္ဘာလုံးကရော၊ နည်းပညာလောကရဲ့ ဘီလူးကြီးတွေကရော လေးစားနေမြဲပါ။ ပြီးတော့ သူ့အောင်မြင်မှုတွေကိုလည်း ဘယ်သူကမှ ငြင်းချက်မထုတ်နိုင်ခဲ့ပါဘူး။
ဒီတော့ စွန့်ဦးတီထွင်လိုတဲ့ ဆန်းသစ်တီထွင်လိုတဲ့ လူငယ်တွေအတွက် သူပြောခဲ့တဲ့စကားတစ်ချို့ နဲ့ ပေးခဲ့တဲ့ သင်ခန်းစာတွေကို သုံးသပ်ကြည့်ရအောင်ပါ။
၁။ အရှုံး = အခွင့်အရေး
“အရှုံးတွေထဲမှာ လဲပြိုရင်း”ဆိုတဲ့ လေးဖြူသီချင်းလိုပဲ။ Steve Jobs ဘဝမှာလည်း အရှုံးတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ လုပ်ချင်တာတွေလည်း လျှောက်လုပ်ခဲ့ ဖူးပါတယ်။ တက်နေတဲ့ ကောလိပ်ကနေထွက်ပြီး တက်ချင်တဲ့ အတန်းတွေပဲ ဝင်တက်တာမျိုးတွေ၊ အတန်းတစ်ခုဆိုရင် လက်ရေးလှရေးနည်း အတန်းပါ။ အသုံးမလိုဘူးလို့ထင်ကောင်းထင်နိုင်ပေမယ့် အဲဒီအတန်းမှာ သင်ယူခဲ့တာက Apple Mac Design ပိုင်းဆိုင်ရာမှာ များစွာသက်ရောက်မှုရှိခဲ့ပါတယ်။
သူ့ကိုယ်ပိုင် Apple company ကနေပါ အထုတ်ခံရလိုက်ပေမဲ့ ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်ကစားတဲ့ မန်ယူအသင်းလိုပဲ Come Back တွေနဲ့ ပြန်လာနိုင်ခဲ့တယ်။ အကောင်းဆုံးပြန်ရုန်း၊ အရှုံးထဲကပြန်ထ NEXT နဲ့ Pixar company နှစ်ခုကိုတည်ထောင်ပြီး သူဟာ စတိဂျော့ဖြစ်ကြောင်း သက်သေပြခဲ့တယ်။ အဲဒီအချိန်တွေမှာ Pixar ကနေ Toy Story 1 ထွက်လာပြီး အောင်မြင်မှုတွေရခဲ့ပါတယ်။
၂။ ဒုက္ခကို ယုံကြည်မှုနဲ့ ကျော်လွှားပါ။
“ဘဝ ကတစ်ခါတစ်လေ မင်းခေါင်းကို အုတ်ခဲ ကြီးကြီးနဲ့ ထုပါလိမ့်မယ်။ အဲဒီလိုအချိန်မှာတောင် ယုံကြည်မှု မပျက်ပါစေနဲ့ ”
ဒါက စတိဂျော့ပြောခဲ့တဲ့စကားတစ်ခွန်းပါ။ လွယ်တော့မလွယ်ပေမယ့် သူ့ဆိုလိုရင်းကို အတော်ပဲ ရှင်းရှင်းလင်းလင်း ရှိလှပါတယ်။ သူကိုယ်တိုင်လည်း အဲဒီလိုကျင့်သုံးခဲ့တာဆိုတော့ သိပ်ပြီးဆင်ခြေပေးလို့ မရဘူးပေါ့လေ။
နောက်တစ်ခု သူပြောတာက “နည်းပညာတွေကို ယုံကြည်တာထက် လူတွေအပေါ်မှာ ယုံကြည်မှုထားပါ၊ သူတို့ကို ကိရိယာကောင်းကောင်းပေးလိုက်ရင် အံ့ဩဖွယ်ရာတွေလုပ်ပါလိမ့်မယ်”ဆိုပြီး နည်းပညာနဲ့လူသားရဲ့ ဂုဏ်ရည်ကို နှိုင်းယှဉ်ပြခဲ့ပါတယ်။ လူသားတွေဆိုတာ ယုံကြည်မှုနဲ့ ထိုက်တန်ပါတယ်။ ဆန်းကြယ်တဲ့ နည်းပညာတွေကို တီထွင်တဲ့ စတိဂျော့ရဲ့ လူသားဆန်မှုလို့ပဲ ပြောရမလား။
၃။ အောင်မြင်တဲ့ဘဝ ကို ဘယ်လိုတည်ဆောက်မလဲ။
Steve Jobs က ပန်ကရိယ ကင်ဆာဝေဒနာကို ခံစားနေရတဲ့ အချိန်မှာ နေ့ရက်တိုင်းကိုနောက်ဆုံးလို့သဘောထားပြီး ဒီနေ့သာနောက်ဆံးနေ့ဆိုရင်ဘာလုပ်မလဲဆိုပြီး သူ့ကိုယ်သူ နေ့တိုင်းမေးသလို အရေးကြီးတာတွေကိုပဲဦးစားပေးပါတယ်။
သူ့အဆိုအရ အောင်မြင်တဲ့ဘဝ ကိုတည်ဆောက်ဖို့ “တစ်ခြားသူတွေရဲ့ အယူဝါဒတွေက သင့်အပေါ်မှာ မသက်ရောက်ပါစေနဲ့၊ သူများဘဝထဲမှာ သွားမနေပါနဲ့” ဆိုပြီးပြောသလို ကိုယ်တကယ်ဖြစ်ချင်တာကို အာရုံစိုက်ဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။
၄။ အမြဲဆာလောင်နေပါ။ အမြဲရူးသွပ်နေပါ။ (Stay Hungry, Stay Foolish)
ဒါကတော့ Steve Jobs ပြောသွားဖူးတဲ့စကားတွေထဲက အထင်ရှားအကျော်ကြားဆုံး စကားတစ်ခွန်းဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ “ရူးမှ ထူးမယ်”လို့ပြောရမလားပဲ။ ရူးသွပ်ပါ။ ထူးခြားလာလိမ့်မယ်ပေါ့။
ဘဝမှာ ကိုယ်ဖြစ်ချင်နေတာတွေ၊ တည်ဆောက်ချင်နေတာတွေရှိပါလိမ့်မယ်။ ဒါတွေကို အမြဲခေါင်းထဲ ထည့်ပြီး ကိုယ်ရောက်နေတဲ့နေရာကနေ ရသမျှအခွင့်အလမ်းအကုန်သုံးပြီး တဖြည်းဖြည်းချင်း တည်ဆောက်ဖို့လိုပါလိမ့်မယ်။
ဒါက “မဖြစ်နိုင်တာ ဘာမှမရှိဘူး” ဆိုပြီး လေထဲကအိမ်ဆောက်ခိုင်းတာာမျိုးမဟုတ်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို ချွတ်ခြုံကျအခြေအနေနဲ့ အကန့်အသတ်တွေအများအပြားရှိနေတဲ့ နိုင်ငံဆို ပိုဆိုးပါတယ်။ အရှိတရာကိုအခြေခံပြီး လုပ်နိုင်ခွင့်ရှိတဲ့ ဘောင်ထဲကနေ ရသမျှ အခွင့်အရေးနဲ့ တိုးတက်အောင်လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။
ဒါတွေက Steve Jobs ပြောသွားတဲ့ထဲက အရေးကြီးတဲ့ သင်ခန်းစာတွေပဲဖြစ်ပါတယ်။
အခုတော့ သူကွယ်လွန်သွားတာ ၁၃ နှစ်ရှိပါပြီ။ အခုထိတိုင် စတိဂျော့အကြောင်းကို အပ်ကြောင်းထပ်အောင် ပြောနေကြရဆဲပါ။ သူ့နာမည်ကလည်း ရှင်သန်နေဆဲပါ။ ဘာကြောင့်ပါလဲ .. စတိဂျော့ဖြစ်နေလို့ပါ။
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါ။ မျှော်လင့်ချက်တွေရှင်သန်ပြီး အားသစ်အင်သစ်ဖြစ်ပါစေ။ လူငယ်တွေအနေနဲ့ Build-Myanmar Media ကို အားပေးပြီး ကမ္ဘာကြီးကို အမှီလိုက်ဖို့လည်း တိုက်တွန်းလိုက်ပါရစေ။
လူမှုအသိုင်းအဝိုင်းအတွက် ပိုမိုကောင်းမွန်စေမဲ့ အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်လျက်ရှိပါတယ်။
ကိုးကား။
**https://www.entrepreneur.com/.../4-lessons-from.../379653**