ကိုမြမောင်တစ်ယောက် လမ်းမတော် ဝါးတန်းဘက်ရောက်ချိန် လူတွေ ကြိတ်ကြိတ်တိုး တန်းစီနေတာမြင်တော့ ဘာများလဲဆိုပြီး မေးမြန်းကြည့်မိတယ်။ ဆန်တိုးနေတာတဲ့။ ဘယ်လိုများ ဖြစ်သွားတာလဲ။ သူတို့နေတဲ့ မြန်မာနိုင်ငံဟာ ချက်ချင်းလက်ငင်း ဥုံဖွဆိုပြီး မတိုးတက်လာတာတော့ ထားပါတော့။ အခုတော့ ရုပ်ရှင်တွေထဲကလို Time Travel Machine နဲ့များ ခေတ်နောက်ပြန်ရောက်သွားတာလားလို့တောင် တွေးမိသွားတယ်။
၂၀၁၀ နောက်ပိုင်းမှာ ခေတ်က ပြောင်းပြီထင်ခဲ့ပေမဲ့ ပြောင်းချင်တာပြောင်းပြီး မပြောင်းချင်တာကျ သမိုင်းဘီးက နောက်ပြန်လည်သွားခဲ့တာမလား။
ဒီအဖြစ်သနစ်တွေက သူ ငယ်စဉ်အတိတ်ဘဝကို ပြန်ပြောင်းအောက်မေ့စရာဖြစ်လာတယ်။
လှိုင်သာယာတည်ပြီး သိပ်မကြာ ၁၉၉၅-၉၆ ကာလများ။
လှိုင်သာယာဆိုတာ လယ်ကွက်ထဲအကွက်ရိုက်ပြီး မြို့တည်ခဲ့တာပါ။ အဲဒီတုန်းက မြို့သစ်တည်စဆိုတော့ သောက်သုံးရေမရှိ၊ မီးမရှိ၊ လမ်းတွေကလည်း မြေသားလမ်းမကြီးတွေ၊ အိမ်တွေကလည်းအိမ်ကြီးအိမ်ကောင်းသိပ်မရှိ။ ယိုင်နဲ့နဲ့ တဲအိမ်လေးတွေက အများသား။ ဒီတော့ ကြည့်လိုက်ရင်အဆုံးအစမရှိတဲ့ မိုးကုပ်စက်ဝိုင်းအောက် လယ်ကွက်ထဲမှာ ယိုင်နဲ့နဲ့တဲလေးတွေကိုယ်စီနဲ့။ ညနေဘက်ဆို ရေနံဆီရောင်းတဲ့ အိမ်ဆိုင်လေးတွေမှာ ကလေးတွေက လက်ထဲ ရေနံဆီချေးဝနေတဲ့မီးခွက်လေးတွေကိုင်ပြီး ရေနံဆီသွားဝယ်ရတယ်။ ညရောက်ရင်တော့ ဟိုဘက်အိမ်ကြည့်လဲ နီကျင်ကျင် မီးရောင်လေးနဲ့၊ ဒီဘက်အိမ်ကြည့်လဲ နီကျင်ကျင် မီးရောင်လေးတွေနဲ့ဆိုတော့ အခုခေတ်လိုပြောရင် မီးပျက်ချိန် တန်ဆောင်တိုင် မီးထွန်းပွဲလေးလို ဖြစ်နေတာပေါ့။ လူနေမှုဆင်းရဲကြတာကိုး။
အဲဒီအချိန်က ခေတ်ဆိုတာကလည်း ထမင်းတစ်လုပ်စားဖို့ ခြေတိုအောင် အဆင့်ဆင့်သွားပြီး ကျောပူအောင် လုပ်စားရတဲ့ကာလပေါ့။ ခြေတိုအောင်သွားရတယ်ဆိုတာ ကလိမ်စေ့ ငြမ်းဆင်ပြီး ပြောတာမဟုတ်ဘူး။ အိမ်ကနေ ကားမှတ်တိုင်ရောက်ဖို့ မိနစ် ၂၀-၃၀ လောက် လမ်းလျှောက်၊ ပြီးရင် ကားစီး၊ လှိုင်မြစ်ကို ဖြတ်တဲ့ ဘုရင့်နောင် တံတားတွေဆိုတာကလည်း မဆောက်ရသေး။ ဒီတော့ကားပေါ်ကဆင်းပြီးရင် ဇက်ဆိပ်ကိုသွား။ ဇက်နဲ့ကူးချင်ကူး၊ မကူးချင် သဗ္ဗာန်နဲ့ကူး။ ဟိုဘက်(ရန်ကုန်) ရောက်ရင် အလုပ်ရှိရာဆီ ကားထပ်စီး။ ဒီလိုသွားရတာ။
အရာရာကို အစိုးရက ချုပ်ကိုင်ထားတဲ့ ခေတ်ကြီးဆိုလဲ ဟုတ်တာပဲ။ ဆန်ဆိုလဲ တိုးရတယ်။ ဆီဆိုလဲ တိုးရတာပဲ။ ဝယ်စားလို့မရဘူးလားဆိုတော့ ဝယ်စားလို့တော့ ရတာပေါ့။ သူတို့က ဝယ်မစားနိုင်တဲ့ လူတန်းစားတွေကိုး။ ဆီတိုး၊ ဆန်တိုးတယ်ပြောပေမဲ့ တကယ်တော့ တန်းစီရတာပါ။ ဒါပေမဲ့တိုးတယ်လို့ပဲ ခေါ်ကြတယ်။ တကယ်ကျတော့လဲ တိုးမှရတာမျိုးကိုး။
ညအချိန်ရောက်ပြီဆိုရင် ကလေးတွေက မနက်စောစောပိုင်းမှာ ဆန်တိုး၊ ဆီတိုးဖို့ သမဝါယမက ပေးတဲ့ စာအုပ်တွေကို ပလတ်စတစ်အိတ်နဲ့ သေချာထည့်ပြီး ပြင်ထားကြရပြီ။ ဆန်ထည့်ဖို့အိတ်ကလည်း ပြင်ရသေးတယ်။ သူတို့ပဲ သွားတိုးရတာကိုး။ မနက် လေးနာရီခွဲ ငါးနာရီလောက်ထကြ။ကလေးအချင်းချင်း ဘယ်သူရေ၊ ဘယ်ဝါရေ ထကြဟေ့… သွားကြမယ်ဟေ့ဆိုပြီး အော်ဟစ်နေရင်းနဲ့ ရပ်ကွက်လေးဟာ အသက်ဝင်စ ပြုလာတာမလား။
“လာဟေ့ ဒွါး…သွားကောက်ချည်စို့
ပွင့်ခြောက်ကယ် အနားလန်
ဆက်ရက်ကယ်ညံ
ပင်လက်ပံကြွေချိန်ကြပြီမို့
မိဇံလှ နင်လိုက်အုံးမလား” ဆိုတဲ့ လက်ပံပွင့်ကောက် ကဗျာကိုတောင် သတိရချင်စရာ။ ပြောရဦးမယ်။ အဲဒီခေတ်မှာ သမဝါယမကို လူတွေက သမ လို့ပဲ ခေါ်တာများတယ်။ လူတွေဆီက အသင်းဝင်ကြေး၊ ဘာကြေး ညာကြေးဆိုပြီး သမ တာမှ ခဏခဏပဲကိုး။ အသင်းဝင်တွေရဲ့ ဝယ်ထားတဲ့ နေရာကောင်း သမဝါယမ ဆိုင်ဖွင့်တဲ့မြေနေရာဆိုလည်း နောက်ဆုံးကျ သမလူကြီးတွေလက်ထဲပဲ ရောက်ကုန်တာပါပဲ။ ဒီတော့လည်း နာမည်နဲ့လိုက်တယ်ဆိုပြီးပဲ ပြောရမလား၊ နာမည်နဲ့လိုက်အောင် သမ တာလို့ပဲ ပြောရမလားပေါ့။
အဲဒီလိုနဲ့ သမဆိုင်ရှေ့ရောက်ပြီလားဆို အုတ်နီခဲတွေနဲ့ ဦးတာတွေလည်းရှိရဲ့။ ကလေးဘာဝ ထိုင်ပြီးဦးတာလည်း ရှိရဲ့။ ခုံတွေနဲ့ဦးတာလည်းရှိရဲ့ အစုံပေါ့ဗျာ။ ဆီတိုး၊ ဆန်တိုးကြတဲ့အခါ နေရာဦးပြီးရောင်းစားတာလည်း ရှိသေးတယ်။ တစ်ခါတလေလည်း ကျော်လို့၊ ကြားဖြတ်လို့ဆိုပြီး စကားများရန်ဖြစ်ကြတာလည်း ရှိတာပေါ့။
ဒါပေမဲ့ သမ ကပေးတဲ့ဆန်ဆိုတာ ဆန်ကွဲတွေ အဖွေးသားနဲ့ အတော်ဆိုးတဲ့ ဆန်ပါ။ မရှိရင်တော့လည်း ဒီအတိုင်းစားလိုက်ကြတာပဲ။ နည်းနည်းတတ်နိုင်တော့လည်း ဆန်ကောင်းတာလေးနဲ့ ရောစား။ ဒီလိုမဟုတ်တော့လည်း ပြန်ရောင်းစားကြရတဲ့ ဘဝပါ။ Posts
တကယ်တော့လည်း အဲဒီဆန်တိုး၊ ဆီတိုးရတဲ့ခေတ်ကြီးဆိုတာက ကိုမြမောင်တို့လို 80 born တွေမှ တွေ့ဖူးတာ မဟုတ်ပါဘူး။ သူ့အဖေ၊ သူ့အဖိုးလက်ထက်ကတည်း ဒါမျိုးတွေ မြန်မာနိုင်ငံမှာ ရှိခဲ့ဖူးတာပဲ။ရှိခဲ့ဖူးတယ်ဆိုတာ ဂုဏ်ယူပြီးပြောတာမဟုတ်ပါဘူး။ အဲဒီလို ခပ်ညံ့ညံ့စနစ်ကြီးဟာ ကိုမြမောင်တို့မျိုးဆက်အထိ ပြောင်းလဲမလာခဲ့ဘူးလို့ ဆိုလိုချင်တာပါ။
ကိုမြမောင်တို့ အဖေလက်ထက်ဆိုပါတော့။ ၁၉၆၂ မှာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်းတော်လှန်ရေးကောင်စီအစိုးရ၊ နောက်ပိုင်းကျ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရဆိုတာကြီးဖြစ်လာတယ်။ အဲဒီ မဆလခေတ်မှာ ဆန်တိုးဆီတိုးရတဲ့ တိုးစနစ်ကြီး စပေါ်ပေါက်လာတာပါပဲ။ မဆလခေတ်မှာ ပြည်သူတွေဟာ သမက ပေးတဲ့ ဆန်စာအုပ်လေးကို ကိုင်ပြီး တိုးဝယ်ရတယ်။
သမဆိုင်မှာ ပစ္စည်းမျိုးစုံကို ဝယ်ရတယ်။ ဘီစကွတ်မုန့်တို့ ဒီနေ့ခေတ်မှာ ဘယ်သူမှ သိပ်မသောက်ကြတော့တဲ့ ဘာလီရည်တို့ ဆိုတာတွေက အဲဒီခေတ်မှာ တကယ့်အကောင်းစားတွေပေါ့။ ဘာလီရည်ရလာရင် ပြန်ရောင်းစား၊ ဈေးကောင်းရပြီ။ ဘီစကွတ်ဘာညာဆိုတာတော့ သမလူကြီးတွေနဲ့ သူတို့နဲ့ ပတ်သက်သူတွေပဲ ရကြတာ။ သမဆိုင်တာဝန်ခံကလည်း သူစားတာများသွားလို့သတင်းပေါက်ပြီး အထက်က လာစစ်ပြီဆို သူ့ဘာသာနေတဲ့ သမဆိုင်လေးဟာ အကြောင်းမရှိအကြောင်းရှာပြီး မီးလောင်ခံရတော့တာပဲ။ မီးလောင်ပြီဆိုမှတော့ စာရင်းဇယားတွေလည်း မီးထဲပါကုန်တော့တာပေါ့။ ဘယ်လိုဖြစ်လို့ ချက်ချင်းကြီး မီးလောင်မှန်းကို မသိပါဘူး။
လမ်းကြုံပြောရရင် မဆလခေတ် သမစနစ်ဆိုတာ လိုချင်တဲ့ပစ္စည်းတစ်ခုကို မလိုတဲ့ပစ္စည်းနဲ့ တွဲယူရတာမျိုး။ ဥပမာ ဒီနေ့ သမဆိုင်မှာ နို့ဆီတွေ ရောင်းတယ်ဆိုပါစို့။ တန်းစီမယ်။ တန်းစီပေမဲ့လည်းကိုယ့်အလှည့်ကျမှ နို့ဆီကုန်တာဖြစ်နိုင်သေးတယ်။ နို့ဆီရတယ်ထားပါဦး။ သူချည်းပဲရတာမဟုတ်ဘဲ တခြား မလိုအပ်တဲ့ ပစ္စည်းနဲ့ တွဲယူရတာ။
ဒါကြောင့် စွပ်ကျယ်ပေးတဲ့နေ့မှာ လူပျိုကြီးတစ်ယောက်က သွားပြီးတန်းစီတယ်ဆိုရင် သူ့ကစွပ်ကျယ်ကို ထဘီနဲ့တွဲပြီး မယူမနေရ ယူရတာမျိုးတွေ ရှိခဲ့ဖူးတယ်။ ဒီတော့ ရယ်စရာမကောင်းဘူးလား။ ဒါပေမဲ့ ရယ်စရာနောက်မှာ မောစရာက ကပ်ပါလာသေးတယ်။ ထဘီရတာ ရယ်စရာဖြစ်ပေမဲ့ လူပျိုကြီး ထဘီရ၊ ပေးစရာမိန်းမက မရှိဆိုတော့ မောစရာဖြစ်တာမျိုးပေါ့။ ဒီကြားထဲလူတွေက ဝိုင်းကြည့်လို့ ရှက်ရသေးတယ်။
အဲဒီလိုခေတ်ကျပ်ကြီးကို ခါးစည်းခံရင်း ၂၀၁၀ ရောက်လာပါလေရော။ အရပ်သားတစ်ပိုင်းအစိုးရတက်လာတယ်။ နောက်ပိုင်းကျ အပြောင်းအလဲတွေ ထပ်ဖြစ်ပြီး အရပ်သားအစိုးရ တက်လာပြန်တယ်။ ခေတ်သစ်ရောက်ပြီဆိုတဲ့ မျှော်လင့်ချက်တွေကလည်း အပြည့်ပေါ့။
ဟုတ်ပါတယ်။ တကယ့်ကို လွတ်လပ်ခွင့်၊ တောင်းဆိုခွင့်၊ သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး ပြောကြဆိုကြ၊ ငြင်းကြခုန်ကြပေါ့လေ။ လူတွေလက်ထဲမှာ ဖုန်းတွေ အင်တာနက်တွေကလည်းအရပ်သားတစ်ပိုင်း အစိုးရလက်ထက်ကတည်းက ရနေတာ။ အခုကျ ပိုပြီး ပြောရေးဆိုခွင့်၊လွတ်လပ်စွာထုတ်ဖော်ခွင့်တွေလည်း ရလာပြီဆိုတော့ လူတွေက အားသစ်တွေ ကိုယ်စီနဲ့။ ဒီတော့ တိုးစနစ်ကြီး ပျောက်ပြီလို့ ထင်ခဲ့ကြတာ။
အဲ…မဟုတ်ဘူးဗျာ။ တိုးစနစ် ပြန်ပေါ်လာတယ်။ အဲဒီ တိုးစနစ်က တစ်ခုတော့ ထူးခြားတယ်။ ဆန်တိုး၊ ဆီတိုးတာ မဟုတ်ဘူး။ ရွှေတွေကို စီတန်းပြီး ဝယ်ကြရတာ။ ဝယ်ရမှာပေါ့။ ပြင်ပဈေးကွက်မှာရွှေဈေးက ကြီးတယ်။ YGEA ဆိုတဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ဈေးကွက်ပေါက်ဈေးကို ဘယ်တော့မှ မထုတ်ပြန်ဘူး။ သူ့ဈေးက အမြဲနိမ့်နေတာ။ ဆိုင်တွေက ပေါက်ဈေးနဲ့ရောင်း။ သူတို့က ပေါက်ဈေးအောက်တွေ သတ်မှတ်။ ဒီလိုနဲ့ YGEA မှာ ရွှေကုန်သည်တွေ၊ ပွဲစားတွေ၊ လေပတ်ကားတွေက တိုးပြီး ဝယ်ကြတာပေါ့။ တစ်ယောက် တစ်ကျပ်သား ဝယ်လို့ရတယ်။ ဒီလိုတိုးတာတော့ တိုးပါစေပေါ့လေ။ ဆန်အတွက်မဟုတ်ဘူး၊ ဆီအတွက်မဟုတ်ဘူး။ ရွှေအတွက် တိုးကြတာ။ ရွှေဝယ်နိုင်တဲ့လူတွေ တိုးပါစေဆိုပြီး ကိုမြမောင်က ပြောခဲ့တာ။
ခေတ်က အရပ်သားအစိုးရမှာတင် ရပ်မနေပါဘူး။ သူ့ကိစ္စသူ ဆက်လုပ်နေတယ်။ ၂၀၂၁ကိစ္စကြီးနောက်ပိုင်းကျ အပြောင်းအလဲတွေက မြန်လွန်းလို့ လိုက်မမီဘူး။ အဲဒီမှာပဲ အစောပိုင်းက ပြောသလို လမ်းမတော်လို အထင်ကရနေရာကြီးမှာ ဆန်တိုးနေကြတယ်တဲ့။ ပြီးတော့ ဖေ့ဘုတ်ကို တက်ကြည့်လိုက်တော့ ဘာတဲ့ ဈေးဝယ်စင်တာတွေမှာ ဆန်တွေ မရှိတော့ဘူးတဲ့။ ကွမ်းခြံကုန်းမှာဆို ဆီဝယ်ရင် မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်ပေးရတယ်ဆိုပြီး သူ့အသိတစ်ယောက် တင်ထားတာလည်း တွေ့တယ်။ ပြီးရင် လူကိုပါ ဓာတ်ပုံရိုက်ထားသေးတာ။ ဆီကို ဒီအတိုင်းဝယ်လို့မရပြန်ဘူး။ တခြားတစ်ခုခုလည်း ဝယ်ရသေးတယ်။ သမ ခေတ်ကို ပြန်ရောက်နေသလိုပဲဆိုပြီး ကိုမြမောင်က တွေးမိသေးတာ။
ကုန်ဈေးနှုန်းက ကြီး၊ ဝမ်းရေးခက်တဲ့ဘဝမှာ လူတွေဟာ စကောထဲ ဇီးဖြူသီးထည့်လှိမ့်သလိုပဲ။ပြေးရလွှားရနဲ့ ဗြောင်းဆန်နေတော့တာကလား။
လူငယ်တွေလည်း နိုင်ငံခြားထွက်သူကထွက်၊ ကိုမြမောင်တို့ ရပ်ကွက်လေးထဲဆို တော်ကြာ ဘယ်သူတော့ မလေးရှားသွားပြီ။ လစာဘယ်လောက်တောင်ရမှာ။ တော်ကြာ ထိုင်း။ ဟော…နောက်ကျ သင်တန်းတွေ တက်ကြ၊ ကိုရီးယားစကားတွေ သင်ကြ။ တသက်လုံး အိမ်မှာ ဖူးဖူးမှုတ်ခံထားရတဲ့ ကလေးတွေက စင်ကာပူမှာလုပ်ဖို့ တူတွေကိုင် သံတွေရိုက်၊ ပိုက်တွေဆက်တာကို သင်တန်းတွေမှာ လုပ်ကြရနဲ့ သူတို့ လက်ဖဝါးလေးတွေ ရဲတွတ်လို့။
တစ်ဖက်မှာလည်း ကုန်ဈေးနှုန်းက ကြီးလာ။ အရင်က လက်ဖက်ရည်တစ်ခွက် ၃၀၀ ကနေ အဆင့်ဆင့်ဈေးတက်လာလိုက်လာ အခုကျတစ်ခွက် တစ်ထောင်ဖြစ်သွားတော့ သူလည်း လက်ဖက်ရည်ဆိုင်ကို အရင်လို ခဏခဏ မထိုင်နိုင်တော့ဘူး။ ဆိုင်ရှင်ကလည်း “လက်ဖက်ရည်ပဲ ဈေးတက်တာ မဟုတ်ပါဘူးဗျ။ ကော်ဖီမစ်တစ်ထုပ် ၄၀၀၊ ဂေါ်ဖီတစ်ထုပ် ၁၀,၀၀၀ ဖြစ်နေပြီဗျ။ ခင်ဗျား ဘယ်ခေတ်မှာ နေနေတာလဲ ကိုမြမောင်”တဲ့။
ကိုမြမောင် ဇက်ပုသွားတယ်။ သူဘာပြန်ပြောနိုင်မှာလဲ။ ဒါတွေ ဈေးတက်တာ သူလုပ်တာလည်းမဟုတ်ဘူး။ သူက ထိုင်မယ်၊ သောက်မယ်၊ သူ့အတွေ့အကြုံတွေကို လူငယ်တွေနဲ့ ဖလှယ်မယ်။ ဒါပဲလုပ်တတ်တာ။ အခုတော့ သူ့ဘော်ဒါ လူငယ်လေးတွေလည်း အတော်များများက ထိုင်းနဲ့ မလေးရှားကို ရောက်ကုန်ကြပြီ။ တချို့လည်း ထွက်ဖို့ပြင်ဆင်နေတုန်း။
ကိုမြမောင်က အသက်လေးရလာပြီဆိုပေမဲ့လည်း လူလတ်ပိုင်းပဲ ရှိပါသေးတယ်။ ရပ်ကွက်ထဲမှာ သူနဲ့သိတဲ့ လူငယ်တွေလည်းရှိတယ်။ လမ်းထိပ်က ယိုင်နဲ့နဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ဆုံလို့ဟိုအကြောင်း၊ ဒီအကြောင်း သောင်းပြောင်းထွေလာပြောရင်း အတိတ်ကအကြောင်းတွေ ရောက်တဲ့အခါ ကိုမြမောင် ပြောနေကျ စကားတစ်ခွန်းရှိတယ်။
“ဆန်တိုးဆီတိုးမျိုးဆက်ဟာ ငါတို့မျိုးဆက်က နောက်ဆုံးပဲကွ၊ ကျပ်တည်းတဲ့ခေတ်ကြီးကို ငါတို့ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ မင်းတို့လူငယ်တွေများသိရင် ရူးတောင်သွားဦးမယ်”
အခုတော့ ဆန်တိုး၊ ဆီတိုးတဲ့ ကိစ္စတွေ ပြန်ပေါ်လာတော့ သူလည်း ယောင်နနဖြစ်သွားတယ်။လူငယ်တွေနဲ့တွေ့ရင် ပြောနေကျ သူ့စကားကို ပြောလို့မရတော့ဘူး။ ပြင်ပြောရတော့မယ်။ သူ့စိတ်ထဲလူငယ်တွေအပေါ် တင်တင်စီးစီးပြောခဲ့တာလေးကိုလည်း အားတုံ့အားနာဖြစ်နေသေးတယ်။
ဒီတစ်ခါဆိုရင်တော့ သူလည်း လက်ဖက်ရည်ဖိုးရှိရင်၊ လူငယ်တွေနဲ့လည်း လက်ဖက်ရည်ဆိုင်မှာဆုံမိခဲ့ရင် စကားတစ်ခွန်းကိုတော့ လေးလေးနက်နက်ပြောဖို့ အခုလို သူစဉ်းစားထားတယ်။
“ငါတို့မျိုးဆက်က ဆီတိုး၊ ဆန်တိုးရတဲ့ နောက်ဆုံးမျိုးဆက်လို့ထင်မိတာ ငါမှားသွားတယ်ကွာ”
ဟန်သစ်အိမ် (Y3A)
ယခုဆောင်းပါးမျိုးဖတ်ရှုရသည်ကို နှစ်သက်သည်ဆိုလျှင် အောက်ပါဆောင်းပါးများကိုလည်း ဖတ်ရှုကြည့်ရန် ကျွန်ုပ်တို့က recommend ပေးပါသည်။
ဆက်စပ်ဖတ်ရှုလိုလျှင် -