“ဒီမှာကတော့ အခန်းကျဉ်းလေးထဲမှာ အလုပ်က နေရာချပေးထားသလိုပဲ အဆင်ပြေသလို နေကြရတာပါ။ အဆင်မပြေဘူးလို့ စောဒကတက်ဖို့ကလည်း နောက်အလုပ်တစ်ခုက အခုထက်ပိုပြီး အဆင်မပြေမှာကိုလည်း ကြောက်နေရတယ်လေ။ ကိုယ့်ဆီကိုတော့ မပြန်ချင်ပါဘူး။ ဒီအခြေအနေနဲ့က ပြန်ဖို့လည်း မကောင်းဘူးလေ။ ခက်လည်း ဆက်နေကြရမှာပါပဲ”
အခုလို ရင်ဖွင့်လာသူကတော့ မလေးရှားစက်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်နေတဲ့ မြန်မာနိုင်ငံသား မောင်ကောင်း ဖြစ်ပါတယ်။
မောင်ကောင်းဟာ မြန်မာပြည်တွင်းရေးအခြေအနေတွေကြောင့် နိုင်ငံတွင်းမှာ ဆက်နေထိုင်ဖို့ မဖြစ်နိုင်တော့လို့ မလေးရှားနိုင်ငံကို ထွက်ခွာလာခဲ့ရသူပါ။ မလေးရှားနိုင်ငံဆီကို တရားမဝင်လမ်းကြောင်းကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး မြန်မာကနေ ထိုင်း၊ ထိုင်းကနေ မလေးရှားကို ကူးခဲ့တာဖြစ်ပါတယ်။ မောင်ကောင်းလို ဒီလိုနည်းလမ်းနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာနေရသူတွေဟာ ပထမဆုံးအဆင့်မှာ အလုပ်ရဖို့ ဆက်သွယ်ခေါ်ဆောင်ပေးသူကို ကျပ်သိန်း ၅၀ ကနေ သိန်း ၇၀ ကြားပေးချေရလေ့ရှိပါတယ်။
အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အတွင်း မြန်မာလူငယ် ၃ သန်းကျော်ဟာ ပြည်ပကို ရောက်ရှိသွားခဲ့ပါပြီ။ ပြည်တွင်းမှာ ဆက်လက်အခြေချဖို့ ခက်ခဲလာတဲ့ အခြေအနေမျိုးစုံရှိနေတဲ့အပြင် စစ်မှုထမ်းဥပဒေကပါ ထပ်တိုးလာတဲ့အခါ လူငယ်တွေကို ပြည်ပ ထွက်ခွာဖို့ အတင်းအကြပ်ဖိအားပေးသလို ဖြစ်လာခဲ့ပါတယ်။ ဒီတော့လည်း မြန်မာလူငယ်တွေဟာ မိတ်ဆွေအပေါင်းအသင်း၊ မိသားစုတွေနဲ့ ခွဲခွာပြီးမြန်မာနိုင်ငံကိုပါ နေရစ်တော့ အမိမြေရေဆိုပြီး နှုတ်ဆက်ထွက်ခွာသွားရတော့တာပါပဲ။ တချို့က ပညာရေးအတွက် သွားကြပြီး ၊ တချို့ကတော့ ဝမ်းရေးအတွက်၊ လုံခြုံရေးအတွက် ထွက်ခွာသွားကြရတာလည်း ရှိပါတယ်။
အဲဒီလိုသွားတဲ့အခါ တရားဝင်လမ်းကြောင်းနဲ့သွားကြသလို ၊ အောက်လမ်း လို့ ခေါ်တဲ့ တရားမဝင်လမ်းကြောင်းကနေတောထဲကို ဖြတ်၊ အစောင့်အကြပ်တွေကိုရှောင်၊ အစားအသောက်မစားရတဲ့ ရက်တွေကို အံကြိတ်ခံရင်း သွားကြရတာလည်း ရှိလာပါတယ်။
ကိုယ်သွားချင်တဲ့ နိုင်ငံရပ်ခြားတိုင်းပြည်ဆီ ရောက်သွားပြီဆိုတိုင်းလည်း ပြဿနာတွေက အားလုံးပြေလည်သွားတာမျိုး မဟုတ်ပါဘူး။ ပညာရေးကြောင့်ထွက်ခွာသွားသူတွေနဲ့ အသိပညာ၊ အတတ်ပညာကို အခြေခံပြီး ၊ သေချာတဲ့အလုပ်အကိုင်တစ်ခုကို ချိတ်ဆက်ပြီး ထွက်ခွာလာသူတွေလောက်သာ အတိုင်းအတာတစ်ရပ်အထိ အဆင်ပြေကြတာပါ။ ဒါတောင်မှ ဘာသာစကားနဲ့ပတ်သက်လို့ လေ့လာရတာတွေ၊ သင်ယူရတာတွေ နဲ့ မတူညီတဲ့ ယဉ်ကျေးမှုအခြေအနေတွေကြားမှာ လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်ရပါသေးတယ်။
“ကိုယ့်ဆီမှာလိုတော့ မဟုတ်ဘူး။ ရာထူးအမြင့်ပိုင်းကို ရတယ်၊ နေရထိုင်ရ အဆင်ပြေတယ်၊ လုပ်ခလစာ အဆင်ပြေတယ်ဆိုပေမယ့် လုပ်ငန်းခွင်ရောက်မှ အဆင်မချောတာတွေဖြစ်လာလို့ အလုပ်သစ် ပြန်ရှာရရင် အခက်ကြုံရတာတွေရှိတယ်။ ဒါပေမဲ့လည်း ကိုယ့်နိုင်ငံကနေ အင်တာဗျူးဖြေပြီး ဒီမှာ အလုပ်သေချာပြီ၊ ခန့်စာရပြီဆိုမှ ထွက်လာတာ ပိုကောင်းပါတယ်။ ဒီကိုရောက်ပြီးမှ ရှာမယ်ဆိုရင် ခက်တယ်” ဆိုတာက ဘန်ကောက်မှာ ရွှေ့ပြောင်းအခြေချနေတဲ့ မယုမော်ရဲ့အကြံပြုချက်တွေပါပဲ။
သူ့အကြုံပြုချက်က မှန်ပါတယ်။ သေချာတဲ့အချိတ်အဆက်မရှိဘဲ နိုင်ငံရပ်ခြားကို ထွက်ခွာလာခဲ့ရသူတွေရဲ့ ဘဝက ပိုပြီးခက်ခဲကြမ်းတမ်းပါတယ်။
အောက်လမ်းလို့ခေါ်တဲ့ တရားမဝင်လမ်းကြောင်းဟာ လမ်းကြောင်းတလျှောက် စစ်ဆေးနိုင်လောက်တဲ့ အတားအဆီးတွေကို ရှောင်ရှားပြီးသွားရတာပါ။ တချို့ဆိုရင် လမ်းခုလတ်မှာပဲ ထိုင်းရဲတွေ၊ မလေးရှားရဲတွေရဲ့ဖမ်းဆီးထိန်းသိမ်းတာကို ရင်ဆိုင်လိုက်ရတာတွေ ရှိပါတယ်။ ဒါတွေကို ကျော်ဖြတ်ပြီး ရည်ရွယ်ရာပန်းတိုင်ဆီကို ရောက်သွားရင်တောင် နေရေးထိုင်ရေး အဆင်မပြေတာတွေ၊ အလုပ်ရနိုင်ဖို့ ခက်တာတွေက စောင့်ကြိုနေပါသေးတယ်။
ရောက်လာပြီးမှ အလိမ်အညာနဲ့ ရင်ဆိုင်ကြုံတွေ့ရဝာာ၊ အလုပ်တစ်ခုရဖို့ အသည်းအသန် ကြိုးစားနေရဝာာ၊ တရားမဝင်လမ်းကြောင်းကနေ ရောက်လာသူဖြစ်လို့ ဈေးနှိမ်ခံရတာ ဒီလိုကိစ္စတွေကလည်း အများအပြားရှိလို့နေပါတယ်။ အထူးသဖြင့် ထိုင်းနဲ့ မလေးရှားတို့က စက်ရုံ အလုပ်ရုံတွေမှာဆိုရင် အချင်းချင်းခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ဖြစ်စဉ်တွေဟာ မကြားချင်မှအဆုံး ကြားနေရတာပါ။
“ကျွန်တော်တို့စက်ရုံမှာ အလုပ်သွင်းပေးလို့ တန်ကြေးထက်၊ ပေါက်ဈေးထက် ဈေးလျှော့ပြီး သွင်းပေးရင်၊ အဲဒီလို အလုပ်သမားမျိုး ရှာပေးရင် သူဌေးက ပွဲစားခဆိုပြီး ပေးတယ်။ မြန်မာအချင်းချင်း ပြန်လုပ်ကြတာပါပဲ။ အောက်လမ်းကနေ ခိုးဝင်လာသူတွေက အလုပ်အရမ်းလိုနေတာလေ။ ဒီတော့ဈေးနှိမ်ထားမှန်းသိလည်း ဝင်လုပ်ကြတာပါပဲ။ အလုပ်သွင်းပေးတဲ့ စက်ရုံမှာရှိပြီးသား လူခံတွေကတော့ နှစ်ဖက်စလုံးကနေ ပွဲခယူပြီး ကောင်းစားနေကြတယ်ဗျ”လို့ မောင်ကောင်းက ရင်ဖွင့်ပါတယ်။
တခြားတစ်ဖက်မှာလည်း ပြည်တွင်းမှာရာထူးအမြင့်ပိုင်းနဲ့ အလုပ်,လုပ်ခွင့်ရနေတဲ့ကြားကနေ စစ်မှုထမ်းဥပဒေဂယက်ရိုက်ခတ်လာပြီးတဲ့နောက် ပြည်ပကို အလုံးအရင်းလိုက် ထွက်ခွာသွားရသူတွေလည်း ရှိပါတယ်။ သူတို့ကတော့ ကိုရီးယား၊ ဂျပန်နဲ့ ဒူဘိုင်းတို့ကို အဓိကထား ရွေးချယ်ကြတာပါ။
ဒီလိုနိုင်ငံတွေကလည်း နိုင်ငံကြီးတွေဖြစ်နေပေမဲ့ မြန်မာတွေအတွက်တော့ ခက်ခဲမှုတွေကနေ လွတ်ကင်းမသွားသေးပါဘူး။ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံကနေ သူတို့ဆီကို အလုံးအရင်းနဲ့ဝင်ရောက်လာသူတွေ ရှိလာတဲ့နောက်မှာတော့ အရင်တုန်းကပေးခဲ့တဲ့ အခွင့်အရေးတွေ၊ လုပ်ခလစာအကျိုးခံစားခွင့်တွေကို လျှော့ချပစ်တာမျိုးတောင် ရှိလာတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် အိမ်အကူအလုပ်တွေ၊ အောက်ခြေလုပ်သားတွေ၊ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးဖို့ ခေါ်ယူခံရသူတွေဟာ အရင်ကမဖြစ်ဖူးတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံဆုံနေကြရပါတယ်။ တချို့ဆိုရင် အိမ်ကိုချက်ချင်းပြန်ပြေးချင်စိတ်ဖြစ်တဲ့အထိကို ဖိအားတွေက များလွန်းနေပါတယ်။ မြန်မာနိုင်ငံမှာ ရာထူးအမြင့်ပိုင်းတစ်နေရာကို ရခဲ့တဲ့အထိ ထူးချွန်ခဲ့ပေမယ့် ဒူဘိုင်းကိုရောက်လာချိန်မှာတော့ အေဂျင်စီတွေ အလုပ်သွင်းပေးတာက ကြက်ကြော်ဆိုင်လိုနေရာမျိုး ဖြစ်နေတာတွေလည်း ရှိလို့နေပါတယ်။
“မပျော်ပါဘူး။ အိမ်ကို ပြန်ချင်တယ်။ အမေနဲ့ မက်ဆင်ဂျာကနေ Video Call ပြောတိုင်း မျက်ရည်ကျရတယ်။ အဆောင်ခန်းလေးထဲမှာ အလုပ်လာလုပ်တဲ့သူတွေ စုနေကြရတာပါ။ နီပေါတို့၊ ဘင်္ဂလားဒေ့ရှ်တို့ကလူတွေနဲ့ စုပြီး နေရာချပေးထားတယ်။ တစ်ယောက်နဲ့တစ်ယောက်က ဘာသာစကားချင်းလည်း မတူတော့ ခင်မင်ဖို့က ခက်ပါတယ်ဗျာ။ မြန်မာနိုင်ငံမှာတုန်းက ဘဏ်တစ်ခုမှာ Content Specialist လုပ်ခဲ့တာလေ။ အခုတော့ ဒူဘိုင်းက ကြက်ကြော်ဆိုင်မှာ မနက်ကနေ ညအထိ ကြက်တွေကြော်ပေးနေရတယ်။ လုံးဝကို မပျော်တော့တာပါဗျာ”လို့ မြန်မာနိုင်ငံက နာမည်ကြီးဘဏ်တစ်ခုမှာ အလုပ်,လုပ်ခဲ့သူ အသက် ၂၇ နှစ်အရွယ် ကိုကောင်းမြတ်ဟိန်းက ညည်းတွားပါတယ်။
ဒီလိုအခက်အခဲတွေရှိနေပေမဲ့လည်း မြန်မာနိုင်ငံက လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေဆီ ဆက်တိုက်ဆိုသလိုပဲ ထွက်ခွာနေကြသလို နောက်ထပ်ထွက်ခွာမယ့် လူငယ်တွေကလည်း အများအပြား ရှိနေဆဲပါ။ တစ်ဖက်နိုင်ငံမှာ ရင်ဆိုင်ရမယ့်အခက်အခဲထက် ပြည်တွင်းမှာနေထိုင်နေရတဲ့ အကျပ်အတည်းက ပိုဆိုးရွားနေတဲ့အတွက် ပြည်ပထွက်ခွာသူတွေဟာ များသထက်များလာတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံဆီ ထွက်ခွာသွားသူတွေကို အုပ်စုခွဲပြီး လေ့လာကြည့်လိုက်မယ်ဆိုရင် ထိုင်းနဲ့ မလေးရှားနိုင်ငံဆီကို သွားရောက်သူတွေက ထိပ်ဆုံးနေရာမှာရှိနေပြီး ဒူဘိုင်း၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေဆီ သွားရောက်သူတွေက ဒုတိယနေရာမှာ ရှိနေပါတယ်။ ဥရောပ၊ အမေရိကနဲ့ ဩစတြေးလျနိုင်ငံတွေဆီကို သွားရောက်နိုင်သူတွေကတော့ လူနည်းစုလောက်ပဲ ရှိပါတယ်။
နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့နေထိုင်ခြင်းဟာ မြန်မာတွေအတွက် အရာအားလုံးအဆင်ပြေတဲ့ ပျော်ရွှင်ခြင်းနိဗ္ဗာန်ကို ကူးပြောင်းသွားတာမျိုး မဟုတ်ပါဘူး။ အားလုံးဟာ ရောက်သွားပြီဆိုတာနဲ့ ကိုယ့်စီကိုယ်စီ ခယောင်းတောထဲကို တိုးဝင်နေကြရတာပါ။ ရာခိုင်နှုန်းအရ ၂၀ ရာခိုင်နှုန်းလောက်သောသူတွေကသာ ပြည်ပနိုင်ငံမှာ အဆင်ပြေပြေရှိကြပြီး ၈၀ ရာခိုင်နှုန်းလောက်ကတော့ ရုန်းကန်ရှင်သန်ကြရတယ်လို့ ကိုယ့်နိုင်ငံကထွက်ခွာပြီး တစ်ပါးနိုင်ငံတွေဆီ ပြောင်းရွှေ့အလုပ်,လုပ်တဲ့သူ၊ အခြေချတဲ့သူတွေကို လေ့လာထားတဲ့စစ်တမ်းတစ်ရပ်က ဆိုပါတယ်။
ဒါပေမဲ့လည်းမြန်မာနိုင်ငံမှာဆိုရင် အဲဒီထက်ဆိုးတဲ့ လောကဓံရိုက်ပုတ်မှုတွေကို ခံနေရမှာပါ။
ဒါကြောင့် မြန်မာလူငယ်တွေရဲ့ပြည်ပနိုင်ငံတွေဆီ ထွက်ခွာမှုက မရပ်တန့်သေးပါဘူး။ ဒါတွေကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့မှာ တန်းစီနေတဲ့ လူတန်းရှည်ကြီးက သက်သေခံနေပါတယ်။
စစ်ဘေးဒဏ်ကြောင့် မြို့တွေ ရွာတွေကို တိမ်းရှောင်လာခဲ့ရသူတွေ၊ အိုးပစ် အိမ်ပစ် ဘဝပျောက်ဆုံး အနာဂတ်ပျောက်ဆုံးခဲ့ရသူတွေအတွက် ခိုကိုးရာ အားကိုးစရာက ပြည်ပနိုင်ငံတွေဆီ သွားရောက်ပြီး အလုပ်လုပ်ဖို့ဆိုတာကလွဲလို့ တခြား မရှိတော့ပါဘူး။ တချို့ဆိုရင် ရွာလုံးကျွတ်နီးပါး မရ ရတဲ့နည်းလမ်း၊ မဖြစ် ဖြစ်တဲ့နည်းလမ်းနဲ့ကို နိုင်ငံရပ်ခြားဆီ ထွက်နေကြတာပါ။
မြန်မာနဲ့ အနီးကပ်ဆုံး၊ သွားရအလွယ်ကူဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် တရားမဝင် အောက်လမ်းက ဝင်ရောက်လာလို့ ဖမ်းဆီးထိန်းသိမ်းခံရသူအများစုက မြန်မာတွေဖြစ်လို့နေပါပြီ။ မကြာသေးခင်က ထိုင်းနိုင်ငံရဲ့ တရားမဝင် နိုင်ငံခြားသားဖမ်းဆီးစစ်ဆေး အရေးယူရေး ရက်ပေါင်း ၁၂၀ စီမံချက်ထဲမှာ မြန်မာနိုင်ငံသား တစ်သိန်း ခြောက်သောင်းလောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းမှာရှိတဲ့ အလုပ်သမားအရေး စောင့်ကြည့်ရေး အဖွဲ့တွေက ပြောပါတယ်။
သေချာတာတစ်ခုကတော့ကိုယ်နိုင်ငံမှာ အဆင်မပြေလို့ နိုင်ငံရပ်ခြားဆီ ထွက်ခွာအလုပ်,လုပ်နေရသူတွေထဲမှာ အိပ်မက်ဆိုးတွေကို ပွေ့ပိုက်ထားရသူတွေက များလွန်းခြင်းမက များလွန်းနေတယ်ဆိုတာပါပဲ။
“ဒီကို လာမယ့်သူတွေကိုတော့ အခက်အခဲတွေ ကြုံရမယ်၊ ကြုံရမယ့်အခက်အခဲအားလုံးကို ရင်ဆိုင်နိုင်တယ်လို့ ဆုံးဖြတ်ချက်ချနိုင်မှပဲ လာခဲ့ပါလို့ ပြောချင်ပါတယ်”
မလေးရှားစက်ရုံမှာ အလုပ်ဝင်လုပ်နေတဲ့ မြန်မာနိုင်ငံသား မောင်ကောင်းက အဲ့ဒီလို ပြောလိုက်အပြီးမှာ အလုပ်ပြန်ဖို့အတွက် စက်ရုံဆီ ပြန်ဝင်ရတော့မှာဖြစ်လို့ စကားစကို ဖြတ်ချလိုက်ပါတယ်။ ကျပ်တည်းမှုနဲ့ ဘဝအမောတွေဟာ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားဆီ ပြောင်းရွှေ့ထွက်ခွာ အလုပ်ရှာနေသူတွေဆီမှာလည်း တနင့်တပိုးနဲ့ ရှိနေဆဲပါပဲ။
နိုင်ငံခြားမှာပဲ ဒုက္ခခံမလား။ ကိုယ့်မြေကိုယ့်ရေမှာပဲ ပိုပြီးဆိုးရွားတဲ့ ဒုက္ခကို ခံမလားဆိုတဲ့ ရွေးချယ်စရာနှစ်ခုမှာ မြန်မာလူငယ်တွေဟာ မီးပုံကြီးကနေ မီးပုံငယ်လေးဆီ ရဲရဲတင်းတင်း ခုန်ဆင်းနေရတော့တာ ဖြစ်ပါတော့တယ်။
နွေဦးရွက်ဝါ(Y3A)