မြန်မာပြည် ဆိုရှယ်မီဒီယာရေစီးကြောင်းဟာ နွံပုပ်တွေ၊ ရွှံ့နွံတွေနဲ့ ပြည့်နှက်နေတဲ့ ရေစီးကြောင်းတစ်ခုလို ဖြစ်နေပါပြီ။ ပြီးတော့ မြန်မာပြည်မှာ ဆယ်လီဖြစ်ချင်၊ လူသိများထင်ရှားချင်တဲ့ ကိစ္စဟာလည်း ကုသဖို့ခက်တဲ့ ရောဂါအဆင့်ကို ရောက်နေပြီလို့ ပြောချင်ရင်တောင် ပြောလို့ရနေပါပြီ။ ဒီစကားက လွန်သလား၊ မလွန်ဘူးလားဆိုတာ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်လို့ ရပါတယ်။

အထူးသဖြင့် သင့်လျော်တယ်၊ မသင့်လျော်ဘူး မစဉ်းစားဘဲ ဆိုရှယ်မီဒီယာထက်မှာ လူသိများပြီးရော လုပ်နေကြသူတွေအတွက်တော့ ဒီစကားက ပိုမှန်ပါလိမ့်မယ်။

ဒါပေမဲ့ ဆိုရှယ်မီဒီယာပေါ် မှာ တစ်ဦးတစ်ယောက်ချင်းကပဲ ဒီလို ကုမရတဲ့ ဆယ်လီရောဂါ ရနေကြတာ မဟုတ်ပါဘူး။ Mainstream မီဒီယာတချို့ကလည်း အခုလိုပဲ လုပ်နေကြတာဖြစ်ပါတယ်။

အထူးသဖြင့်တော့ အဲဒီလိုလုပ်နေကြတဲ့ မီဒီယာတွေဟာ ဖျော်ဖြေရေးအမည်ခံမီဒီယာတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့ဟာ ဖျော်ဖြေရေးမီဒီယာမဟုတ်ဘူးလားလို့ မေးစရာရှိပါတယ်။ မဟုတ်ပါဘူး။

ဖျော်ဖြေရေးဆိုတာက အဆင့်မြင့်ပါတယ်။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်အစရှိတဲ့ အနုပညာနဲ့ ဖျော်ဖြေတင်ဆက်တယ်ဆိုတာ သက်ဆိုင်ရာ အနုပညာအရည်အသွေးမှာ  အဆင့်မြင့်မှ ဝမ်းစာပြည့်မှ လုပ်လို့ရတာမျိုးပါ။ ဥပမာပြောရရင် အရင်ခေတ်က ထုတ်ဝေခဲ့တဲ့ ရွှေအမြူတေမဂ္ဂဇင်းဆိုတာ ပရိသတ်အခိုင်အမာနဲ့ တလေးတစားဆက်ဆံခံရတဲ့ အနုပညာမဂ္ဂဇင်း တစ်စောင်ဖြစ်ခဲ့သလို အလင်းတန်းဂျာနယ်၊ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတို့ဆိုရင်လည်း သူ့ခမ်းနားမှုနဲ့သူ ရပ်တည်ခဲ့ကြတဲ့ မီဒီယာတွေပဲဖြစ်ပါတယ်။

ဒီနေ့ခေတ် ဘာဆယ်လီ၊ ညာဆယ်လီနာမည်တွေနဲ့ အွန်လိုင်းမီဒီယာတွေမှာ တင်ဆက်နေကြတဲ့ မီဒီယာတွေကကျ ဆိုရှယ်မီဒီယာထက်မှာ အညှီအဟောက်သတင်းတွေ၊ ဝါးပြီးထွေးထုတ်ရတဲ့ သတင်းတွေကိုသုံးပြီး သူတို့ကိုယ်ကျိုး၊ သူတို့မီဒီယာတိုက်ရပ်တည်ရေးအတွက် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ မီဒီယာဆိုတာ စီးပွားရေးလုပ်ငန်းတစ်စိတ်တစ်ပိုင်းဖြစ်လို့ စီးပွားရေးအရလုပ်တာကို လက်ခံနိုင်ပေမဲ့ စီးပွားရေးကိုပဲ ရှေးရူပြီး ပရိသတ်ကို အဆိပ်နဲ့တူတဲ့ သတင်းတွေနဲ့ မှိုင်းတိုက်နေတာမျိုးကတော့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်များလွန်းတဲ့ကိစ္စဖြစ်ပါတယ်။

ဒီတော့ ဟုတ်မဟုတ် သူတို့တင်ဆက်တဲ့ သတင်းပုံစံတွေကို ကြည့်လိုက်ရအောင်ပါ။

ဖျော်ဖြေရေးအမည်ခံမီဒီယာတွေဟာ ရုပ်ရှင်မင်းသား၊မင်းသမီး၊ အဆိုတော်တွေရဲ့ ပုံမှန်အနုပညာတင်ဆက်မှုကိုသာမကတော့ဘဲ သူတို့မီဒီယာ လူသိများဖို့နဲ့ လူကြည့်ဖို့သာ အဓိကဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပျင်းပြေအဆင့်ထက်နိမ့်တဲ့ သတင်းတွေနဲ့ အင်တာဗျူးတွေကို ထုတ်လွှင့်နေကြတာ ဖြစ်ပါတယ်။ သူတို့ ထုတ်လွှင့်တဲ့ သတင်းတွေ၊ အင်တာဗျူးတွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ -

လူသိများထင်ရှားသူတွေရဲ့ အိမ်ထောင်ရေးအရှုပ်အရှင်းကိစ္စတွေ၊ လူမှုရေးဖောက်ပြန်တဲ့ကိစ္စတွေ၊ လူမြင်ကွင်းမှာ မမြင်အပ်၊ မကြားအပ်တဲ့ ကိစ္စမျိုးတွေ၊ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အတိုင်းအထွာကိစ္စ၊ အတု အစစ်ကိစ္စတွေ အပြင် လူသိများထင်ရှားသူတွေအကြား ရန်တိုက်ပေးသလို သဘောရှိတဲ့ အင်တာဗျူးတွေကို တင်ဆက်နေကြတာ တွေ့ရပါတယ်။ ပြီးတော့ သူတို့တင်ဆက်မှုတွေထဲမှာ ကလေးသူငယ်အခွင့်အရေးချိုးဖောက်ပြီး တင်ဆက်နေတဲ့သတင်းတွေလည်း အများကြီး ပါဝင်နေပါသေးတယ်။

ဒီမီဒီယာတွေဟာ အရင် အရပ်သားတစ်ပိုင်းအစိုးရနဲ့ အရပ်သားအစိုးရလက်ထက်မှာ ပြည်သူ့အပေါ် ဩဇာကြီးတဲ့၊ နိုင်ငံပြန်လည်တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ခဲ့ကြတဲ့ မီဒီယာတွေ မဟုတ်ကြပါဘူး။ နိုင်ငံအတွက် အထောက်အကူကောင်းတွေဖြစ်ခဲ့တဲ့ ဩဇာရှိမီဒီယာကြီးတွေဟာ အခုလက်ရှိအနေအထားမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းမှာ မရပ်တည်နိုင်ကြတော့ပါဘူး။

ဒီလိုမျိုး ပြည်သူအတွက် သတင်းအချက်သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနေတဲ့ မီဒီယာတွေအားနည်းသွားချိန်မှာ ဖျော်ဖြေရေးအမည်ခံမီဒီယာတွေဟာ  ဆိုရှယ်မီဒီယာထက်မှာ လှိုင်းလုံးအသွင် ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ သတင်းအခြေခံအချက်အလက်တွေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဆိုရှယ်မီဒီယာမှာ လူသိများတဲ့ ဘယ်သူ့ကိုမဆို သတင်းအဖြစ် သတ်မှတ်ပြီး တင်ဆက်လာကြပါတယ်။ ဥပမာပြရရင် နဂါးဝင်ပူးတယ်ဆိုတဲ့ အမျိုးသမီးကိုမေးမယ်။ ကျောင်းအုပ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီစွာ ပေါက်ကရတွေလုပ်ပြနေတဲ့ အမျိုးသမီးကို မေးမယ်။နဂါးစကားပြောတယ်ဆိုတဲ့ အမျိုးသမီးကို မေးမယ်။ ကိုယ့်ကိုယ်ကိုယ် ဂီတပါရမီရှင်လို ထင်မြင်နေတဲ့ တေးသီချင်းပြိုင်ပွဲအစီအစဉ်တစ်ခုက အမျိုးသားလေးတစ်ယောက်ကို မေးမယ်။ လူ့အခွင့်အရေးဘက်ကကြည့်မယ်ဆိုရင်လည်း ဘယ်လိုမှ အဆင်မပြေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားကိစ္စ၊ ခန္ဓာကိုယ်အစိတ်အပိုင်းကိစ္စတွေကို မေးမယ်။ LGBT တချို့ရဲ့ အပြုအမူ၊ အနေအထိုင်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကို  မေးမယ်။ ကလေးသူငယ်အခွင့်အရေးကိုလည်း နားမလည်ဘဲ ကျောင်းမတက်ချင်တဲ့ ကလေးကိစ္စမေးမယ်။ ကလေးတစ်ယောက် ဈေးရောင်းချိန် စကားပြောမြန်တာကို မေးမယ်။

ပြီးရင် အဲဒီအကြောင်းအရာတွေကို လူမကြည့်ကြည့်အောင်၊ လူစိတ်မဝင်စား စိတ်ဝင်စားအောင် ကြံဖန်ပြီး လုပ်ယူတတ်ကြပါတယ်။ ဒီလိုနည်းနဲ့ လူကြည့်များလာတဲ့အခါ Facebook က ပေးတဲ့ငွေကြေးလို၊ ကြော်ငြာခတွေလို  အကျိုးအမြတ်ကို ရယူနေကြတာဖြစ်ပါတယ်။

ဒါကြောင့် အဲဒီလိုလုပ်နေတဲ့ ဖျော်ဖြေရေးအမည်ခံမီဒီယာတွေရဲ့ ကျင့်ဝတ်သိက္ခာပိုင်းဟာ မေးခွန်းထုတ်စရာဖြစ်ပါတယ်

ဆိုရှယ်မီဒီယာပေါ်မှာ ဆယ်လီဖြစ်ချင်၊ လူသိများချင်လို့ ဖြတ်လမ်းနည်းနဲ့ ပေါက်ကရလုပ်နေသူတွေကလည်း ဖျော်ဖြေရေးအမည်ခံ မီဒီယာတွေကို ငါးစာအဖြစ်အသုံးချပါတယ်။ ဒီလို အပြန်အလှန်ဆက်နွယ်နေမှုရဲ့  နောက်ဆက်တွဲတွေကတော့ အရည်အသွေးမရှိ၊ ဝမ်းစာမပြည့်တဲ့ အပေါစားအနုပညာတွေ၊ မျက်ရည်ချူဇာတ်လမ်းတွေကို တွေ့မြင်လာရတာပဲဖြစ်ပါတယ်။

ဒီလို ကျင့်ဝတ်သိက္ခာမရှိတဲ့ မီဒီယာကနေ စင်တင်ပေးလိုက်တဲ့လူတွေဟာ ဆိုရှယ်မီဒီယာမှာ လူသိပိုများလာတဲ့အခါ လောင်းကစားကြော်ငြာတွေကိုပါ ကြော်ငြာလာကြတာလည်း တွေ့နေရပါတယ်။ ဒါဟာ  ပရိသတ်ကို လောင်းကစားနဲ့ နစ်မွန်းအောင် တစ်ဖက်လှည့်နဲ့ လုပ်နေသလို ဖြစ်နေပါတယ်။

ဒီတော့ အရင်းစစ်ရင် ဖျော်ဖြေရေးမီဒီယာအမည်ခံတွေရဲ့ လက်ချက်ပဲဖြစ်ပါတယ်။

မီဒီယာဆိုတာ တိုင်းပြည်ရဲ့ ဒေါက်တိုင်၊ တိုင်းပြည်ရဲ့ ရှေ့ဆောင်ပါ။ ဒါပေမဲ့ ဒီဖျော်ဖြေရေးမီဒီယာအမည်ခံတွေဟာ ကျင့်ဝတ်သိက္ခာမဲ့မှု၊ ပြည်သူ့အကျိုး လှစ်လျူရှုမှု၊ ပရိသတ်ကို မှိုင်းတိုက်မှုတွေနဲ့သာ ဖုံးလွှမ်းနေပါတယ်။ မီဒီယာဟာ တိုင်းပြည်ရဲ့ ရှေ့ဆောင်ဖြစ်ရမဲ့အစား ပြည်သူလူထုကို အရည်မရ၊ အဖက်မရ သတင်းအချက်အလက်တွေနဲ့ အဆိပ်ခတ်နေသလိုဖြစ်နေပါတယ်။

ဒါဖြင့် ဖျော်ဖြေရေးမီဒီယာအမည်ခံတွေ ဒီလောက် စည်းကမ်းပျက်ကွက်စွာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတာကို ဘာလို့များ ပရိတ်သတ်က အားပေးနေကြတာလဲဆိုတဲ့ မေးခွန်းတစ်ခုလည်း ရှိပါသေးတယ်။

သိချင်စိတ်ကို နှိုးဆွခြင်း

ပထမတစ်ချက်ကတော့ ဖျော်ဖြေရေးမီဒီယာအမည်ခံတွေရဲ့ ပါးနပ်မှုလို့ ပြောရပါမယ်။ သူတို့က လူတွေစိတ်ဝင်စားမဲ့ အညှီအဟောက်ကိစ္စမျိုးတွေကို သိကြပါတယ်။ ဘယ်သတင်းကတော့ ဘယ်လိုတုံ့ပြန်မှုရမလဲဆိုတာ ကောင်းကောင်းနားလည်ထားကြပါတယ်။ ဒီသတင်းတင်လိုက်ရင် သတင်းထဲမှာပါတဲ့ သတင်းရင်းမြစ် Sources တော့ အဆဲဆိုခံရမယ်။ ဒါမှမဟုတ် တစ်ဖက်ကတော့ ဘယ်လို ပြန်လည်ဖြေရှင်းတော့မယ် ဆိုတာကို သဘောပေါက်ကြပါတယ်။ အဲဒီအခါ ဖြေရှင်းချက်ကို ထပ်ပြီး အင်တာဗျူးသွားတဲ့အခါ  သတင်းထပ်ရ၊ ထပ်အဆဲဆိုခံရအောင်လုပ်ကြ နဲ့ ဆိုရှယ်မီဒီယာအခေါ် ပွဲတွေဖြစ်ကြပြီး လူတွေသိချင်စိတ် Tempo ကို မြင့်အောင် လုပ်ကြတာဖြစ်ပါတယ်။

ပြဿနာဖြစ်လာခဲ့ပေမဲ့ ပါဝင်ပတ်သက်သူ တစ်ယောက်ယောက်က ဘာမှမပြောလို့ ဖော်ပြစရာမရှိရင်တောင် အဟောင်းတွေကို ပြန်ရှာကြပြီး အသစ်တစ်ဖန်တင်ဆက်ပြန်ပါတယ်။

ဒီလိုနည်းမျိုးစုံကိုသုံးပြီး ပရိသတ်စိတ်ဝင်စားမှုရအောင် ကျင့်ဝတ်သိက္ခာမဲ့စွာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ထွက်ပေါက်

မြန်မာနိုင်ငံမှာ လူတစ်ယောက်ဖြစ်ရတဲ့ ဒုက္ခဟာ အတော်လေး မလွယ်ကူတဲ့ကိစ္စပါ။ လက်ရှိကာလရဲ့ နိုင်ငံရေး၊စီးပွားရေး အထွေထွေကျပ်တည်းမှုတွေကြားထဲမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ရုန်းကန်နေရတာပါ။ ဝမ်းရေးအတွက်ပူရ၊ စစ်ဘေးအတွက် ပူရတာတွေကြားထဲမှာ ထွက်ပေါက်အနေနဲ့ ဖျော်ဖြေရေးဆိုတာ လိုအပ်လာပါတယ်။ လူတိုင်းလက်ထဲမှာ ဖုန်းနဲ့အင်တာနက် ဆက်သွယ်မှုတွေ ရှိနေပြီး ဩဇာရှိမီဒီယာတွေလည်း အားယုတ်သွားချိန်မှာ အဲဒီဖျော်ဖြေရေးဆိုတဲ့ကွက်လပ်ကို ဖျော်ဖြေရေးမီဒီယာအမည်ခံတွေက ဝင်ရောက်နေရာယူသွားတာပဲဖြစ်ပါတယ်။

ဒါကြောင့် ကျင့်ဝတ်မညီတဲ့ ဖျော်ဖြေရေးမီဒီယာအမည်ခံတွေရဲ့တင်ဆက်တာတွေကို လူတွေက အပျင်းပြေကြည့်ရာကနေ တဝဲလည်လည်ကြည့်နေကြတဲ့ အနေအထား ဖြစ်လာပါတော့တယ်။ အဲဒီလိုကြည့်လေ ဖျော်ဖြေရေးအမည်ခံမီဒီယာတွေက အကျိုးအမြတ်ရလေ ဖြစ်တဲ့အပြင် ဒီလည်ပတ်မှုကို အလုပ်ဖြစ်တယ်ဆိုပြီး အကြိုက်တွေ့လာကြပါတယ်။  

လူ့အဖွဲ့အစည်း စံနှုန်းများကျိုးပျက်နေခြင်း

တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေဟာ ကျိုးပျက်နေပါပြီ။ အရာရာခေတ်နောက်ကျနေတဲ့ နိုင်ငံမှာ အထူးသဖြင့် လူ့အဖွဲ့အစည်းတစ်ရပ်မှာ ရှိအပ်တဲ့ ပညာရေးစံနှုန်းတွေဟာ ချို့ယွင်းချက်အများအပြား ရှိနေပါတယ်။ ဒီတော့ အခုလို  ပညာရေးအားနည်းချိန်၊ အလုပ်အကိုင်ရှားပါးချိန်လည်းဖြစ်နေပြီး လူတွေလက်ထဲမှာလည်း လက်ကိုင်ဖုန်းနဲ့ အင်တာနက်ကလည်း အလွယ်တကူရနေတဲ့အခါ ဖုန်းဖွင့်လိုက်တိုင်း တွေ့နေရတဲ့ အပေါစား ဖျော်ဖြေရေးတွေရဲ့ လှည့်စားမှုတွေထဲ ကျရောက်ကုန်တော့တာ ဖြစ်ပါတယ်။

ထောက်ပံ့မှုရရှိနေခြင်း

ဖျော်ဖြေရေးအမည်ခံ မီဒီယာတွေဟာ ပရိသတ်ရဲ့ လက်ခံမှုတစ်ခုတည်းနဲ့ ရေရှည်ရပ်တည်ဖို့က မလွယ်ကူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖျော်ဖြေရေးအမည်ခံ မီဒီယာတွေဟာ သူတို့ တင်ဆက်မှုတွေကို အခကြေးငွေနဲ့ ကြည့်မှ ကြည့်လို့ရမယ့် မီဒီယာပလက်ဖောင်းတစ်ခုလို မရပ်တည်ရဲပါဘူး။ မြန်မာ့နိုင်ငံမှာရှိတဲ့ ဆိုရှယ်မီဒီယာ ပရိသတ် တော်တော်များများကလည်း သတင်းတစ်ပုဒ်ကို အခကြေးငွေနဲ့ကြည့်ဖို့ စိတ်ပါဝင်စားမှုမရှိပါဘူး။

တကယ်လို့များ အခုပြောတာကို သံသယရှိတယ်ဆိုရင် အဲဒီဖျော်ဖြေရေးအမည်ခံ မီဒီယာတွေဟာ သူတို့တင်ဆက်မှုတွေကို အခကြေးငွေပေးပြီး ကြည့်မှ ကြည့်လို့ရမယ်ဆိုတာမျိုး စမ်းသပ်ကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် လူသုံးများတဲ့ ဆိုရှယ်မီဒီယာမှာ သူတို့ Post တွေကို အပြည့်အစုံမတင်ဘဲ ဝက်ဘ်ဆိုက်မှာ တင်ကြည့်ပါ။ ပရိသတ်ဟာ သူတို့တင်ပြမှုတွေကို အခကြေးငွေနဲ့ ကြည့်၊ မကြည့် ဆိုတာ သိရမှာပါ။

ဒါဖြင့် ဖျော်ဖြေရေးအမည်ခံမီဒီယာတွေ သက်ဆိုးရှည်နေရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုရှိနေတာ အသေအချာပါပဲ။ အဲဒါကတော့ လုပ်ငန်းရှင်တွေရဲ့ ကြော်ငြာတွေနဲ့ ကျားကန်ပေးမှုပါ။

လုပ်ငန်းရှင်တွေက သူတို့ရဲ့ထုတ်ကုန်တွေ၊ လုပ်ငန်းတွေနဲ့ဆိုင်တွေကို အဲဒီလို လူသိများတဲ့ ၊ လူဝင်ကြည့်နှုန်းများတဲ့ ဖျော်ဖြေရေးအမည်ခံမီဒီယာတွေမှာ ကြော်ငြာကြပါတယ်။ တကယ်တော့ အဲဒီလိုမီဒီယာတွေမှာ ကြော်ငြာခြင်းအားဖြင့် သူတို့ကုန်ပစ္စည်းရဲ့ Brand Image ကို ထိခိုက်တယ်၊ Customer တွေရဲ့ ယုံကြည်မှုကျဆင်းတယ်ဆိုတာမျိုး သူတို့မတွေးကြပါဘူး။ လူသိရင်ပြီးရောဆိုတဲ့ မူနဲ့ ကြော်ငြာနေကြတာမျိုးဖြစ်ပါတယ်။

အာဏာသိမ်းဖြစ်စဉ်မတိုင်ခင်တုန်းကဆိုရင်တော့ ခပ်ချာချာ မဂ္ဂဇင်း၊ ဒါမှမဟုတ် ဂျာနယ်တွေမှာ ကိုယ့်လုပ်ငန်း Brand Image ကို ထိခိုက်မှာစိုးလို့ ဘယ်လုပ်ငန်းရှင်ကမှ ကြော်ငြာလေ့မရှိပါဘူး။

ဥပမာပြောရရင် လေယာဉ်လက်မှတ်တွေဆို Myanmar Times မှာကြော်ငြာပါတယ်။ သူ့ရဲ့ Target Audiences က Myanmar Times ကို ဖတ်တာရယ်၊ သူ့ Brand Image ကို ထိန်းချင်တာရယ်ကြောင့်ပါ။ လူလတ်တန်းစား ဝယ်နိုင်တဲ့ ကွန်ဒိုတွေဆိုရင် 7 Day Journal မှာ ကြော်ငြာထည့်ကြပါတယ်။ ဒီလိုပဲ သံရုံးတွေက ကြေညာချက်တွေဆိုရင် The Voice Journal မှာ ကြော်ငြာထည့်ကြတယ်။ ဘယ်သံရုံးကမှ သူရိယနေဝန်းလို ဂျာနယ်မှာ ကြေညာချက်သွားမထည့်ပါဘူး။ ဒါက အကြမ်းဖျင်းပြောပြခဲ့တာပါ။

ဒီနေ့မှာ‌တော့ ကိုယ့်လုပ်ငန်း၊ ကိုယ့်ကုန်ပစ္စည်းရဲ့ Brand Image ကို ဂရုမစိုက်တော့ဘဲ ဖျော်ဖြေရေးအမည်ခံမီဒီယာတွေမှာ ကြော်ငြာနေကြပါတယ်။

လက်ခတွေ၊ အလျော့တွက်တွေ များများယူတဲ့ ရွှေဆိုင်တွေဆိုရင်လည်း အဲဒီလို ဖျော်ဖြေရေးအမည်ခံမီဒီယာတွေမှာကြော်ငြာထည့်ပါတယ်။ ဥပမာ ကိုယ်က တရုတ်ကလုပ်တဲ့ လက်လုပ်စိန်ကို တွင်းထွက်စိန်ဆိုပြီး ရောင်းချင်တယ်ဆိုပါစို့။ သူတို့ကြော်ငြာအတွက် ဖျော်ဖြေရေးအမည်ခံမီဒီယာတွေ ရှိနေပါတယ်။ ဒါဟာ ခေတ်စကားနဲ့ပြောရင် ငပိန်းဖမ်းတာများလားဆိုပြီး တွေးဆစရာဖြစ်လာပါတယ်။

ထင်တိုင်းကြဲခွင့်ရခြင်း

မြန်မာပြည် ဆိုရှယ်မီဒီယာရေစီးကြောင်းမှာ ဖျော်ဖြေရေးအမည်ခံမီဒီယာတွေ ဒီလိုဖြစ်နေတာဟာ ထင်တိုင်းကြဲခွင့်ရနေလို့ပါ။ မြန်မာပြည်မှာ အကဲဆတ်တာက နိုင်ငံရေးပါ။ နိုင်ငံရေးကို သွားထိရင်တော့ ဒီနေ့ထိရင် မနက်ဖြန်ကျ ရုံးကို တာဝန်ရှိသူတွေ ရောက်လာပါလိမ့်မယ်။ စီးပွားရေးမှာလည်း မှန်ကန်တဲ့ဈေးကွက်အချက်အလက်ကို တင်ရင်တောင် အသင်းအဖွဲ့တွေကနေ တဆင့် သတိပေးတာမျိုး ခံရနိုင်ပါတယ်။

ဒါပေမဲ့ ဖျော်ဖြေရေးအမည်ခံမီဒီယာတွေ တင်ဆက်တဲ့အကြောင်းအရာတွေကတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ အာဏာဗဟိုချက်ကို ကိုင်လှုပ်တာမျိုး၊ အာဏာထိုင်ခုံကို သွားထိတာမျိုးမဟုတ်တဲ့အတွက် အဆင်ပြေနေပါတယ်။

ဒီတော့ ပရိသတ်ကို မှိုင်းပဲတိုက်တိုက်၊ အပေါစား တင်ဆက်မှုတွေပဲလုပ်လုပ်၊ လောင်းကစားနဲ့ပဲဆွယ်ဆွယ် ဘာပြဿနာမှ မရှိပါဘူး။ အဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတာ အကဲဆတ်တဲ့ Red Line ကို သွားမထိသမျှ လွှတ်ထားပေးတယ်လို့ ဆိုလိုတာပါ။ အရေးယူခံရတာမျိုး၊ သတိပေးခံရတာမျိုး မရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ကျဆုံးခန်း

ဒီတော့ ဖျော်ဖြေရေးအမည်ခံမီဒီယာတွေ ဒီလိုပဲ ဆက်လုပ်နေမှာလား။ သူတို့ကျဆုံးခန်းက ဘယ်တော့လဲဆိုပြီး မေးစရာရှိလာပါတယ်။ အဓိကတော့ နှစ်ချက်ပါ။

တစ်ချက်ကတော့ ပရိသတ်တွေက သူတို့ကို လက်ခံနေသမျှ ဆက်ပြီး မှိုင်းတိုက်နေမှာဖြစ်လို့ ပရိသတ်က ဆက်ပြီးလက်မခံတော့ရင် ဒီရေစီးကြောင်းက ရပ်သွားနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီမိုကရေစီစနစ် အသက်ဝင်လာတဲ့အခါ အသရေဖျက်မှုတွေနဲ့ တရားစွဲခံရတာမျိုးကြုံလာပြီး အဲဒီဖျော်ဖြေရေးအမည်ခံမီဒီယာတွေ လျော်ကြေးအမြောက်အမြားပေးလိုက်ရတာမျိုးဆိုရင်တော့ တန့်သွားနိုင်ပါတယ်။

တကယ်လို့များ ကိုယ်က ဖျော်ဖြေရေးအမည်ခံမီဒီယာတွေရဲ့ လုပ်ရပ်ကို မကြိုက်ဘူး၊ မနှစ်သက်ဘူးဆိုရင် တုံ့ပြန်နိုင်တဲ့နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ အဲဒါကတော့ သူတို့တင်ဆက်တာတွေနဲ့ ပတ်သက်ပြီး ဝင်မကြည့်တာ၊ React မပေးတာ၊ ဝင်ပြီး Comment မပေးတာမျိုး လုပ်လိုက်ဖို့ပါ။ အကောင်းဆုံးကတော့ အဲဒီလို ဖျော်ဖြေရေးအမည်ခံမီဒီယာတွေကို အကုန်တန်းစီပြီး Block ထားလိုက်ဖို့ပါပဲ။

တစ်ဦးတစ်ယောက်စီတိုင်း ဒီလိုလုပ်ကြမယ်ဆိုရင် သူတို့လည်း အခုလျှောက်နေတဲ့လမ်းကြောင်းမဟုတ်ဘဲ ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းကို မဖြစ်မနေ လျှောက်လာကြရမှာဖြစ်ပါတယ်။

ဒီတော့ ဖျော်ဖြေရေးအမည်ခံမီဒီယာတွေကို လမ်းမှန်ပို့ပေးရေးဟာ ပရိသတ်တစ်ယောက်စီတိုင်းနဲ့ သက်ဆိုင်နေပါတော့တယ်။

ဟန်သစ်အိမ်(Y3A)

Share this article
The link has been copied!