သီလရှင် နဲ့ ဘုန်းကြီး ဘယ်သူ့ကိုလှူမလဲဆို သီလရှင်က အမြဲ နောက်ကောက်ကျန်ခဲ့တာ မြန်မာ့ဘာသာရေးမှာ အရိုးစွဲသလိုဖြစ်နေပါပြီ။ ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။

သီလရှင်တွေအနေနဲ့ ဘုန်းကြီးတွေလို အသင့်ချက်ပြီးသားဆွမ်းကို အလှူခံလို့မရတဲ့အပြင် ဘုန်းကြီးတွေလို တရားဟောတာမျိုး၊ အခြားဘာသာရေးဆိုင်ရာ ပွဲတွေ၊ အခမ်းအနားတွေ တက်ရောက်ခွင့်ရဖို့ အခွင့်အရေး နည်းတာ၊ မင်္ဂလာဆွမ်းကျွေးလို၊ အိမ်တက်မင်္ဂလာလို လူမှုရေးဆိုင်ရာပွဲတွေကို ပင့်ဖိတ်ခြင်းမခံရတာ တွေရှိပါသေးတယ်။ ကထိန်ရာသီဆိုလည်း ဘုန်းကြီးကျောင်းတွေမှာသာ ကထိန်ခင်းကြတဲ့ ရိုးရာဓလေ့တွေလည်း ရှိနေပါသေးတယ်။

အယူအဆ ပြင်းထန်တဲ့ မြန်မာလူမှုအသိုင်းအဝိုင်းမှာ သီလရှင်တွေဟာ သာသနာမှာ ဒုတိယတန်းစားအဖြစ် သတ်မှတ်ခံနေရတဲ့အကြောင်း ဘယ်သူကမှ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောဆိုတာမျိုး မတွေ့ရပါဘူး။ ဒါဟာ တကူးတကထုတ်ဖော်ပြောဆိုရမယ့် အကြောင်းအရာတစ်ခုလို့လည်း ဘယ်သူမှ မသတ်မှတ်ကြပါဘူး။

ထုတ်ဖော်ပြောကြားသူတွေ ရှိခဲ့ရင်လည်း ရှေးရိုးစွဲပြင်းထန်တဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ ထောက်ခံသူအနည်းအကျဉ်းလောက်သာရှိပြီး ကဲ့ရဲ့ပြစ်တင်ခံရတာသာ များပါတယ်။ ဒီလိုခက်ခက်ခဲခဲ ရပ်တည်နေရတဲ့ သီလရှင်တွေဟာ အခုလို ခေတ်ကြပ်ကြီးမှာ ဘယ်လိုများ ရှင်သန်နေထိုင်နေကြရပါသလဲ။ 

သီလရှင်ဟူသည်

သီလရှင်ဆိုတဲ့ အသုံးကို ကုန်းဘောင်ခေတ်မှာ စတင်သုံးဆွဲတာဖြစ်ပေမဲ့ သီလရှင်တွေဟာ ကုန်းဘောင်ခေတ်ကျမှ စပေါ်တာတော့ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာသမိုင်းအရ ဗုဒ္ဓဘုရားဖြစ်ပြီး ငါးနှစ်အကြာ ဘီစီ ၅၈၅ မှာ အမျိုးသမီးရဟန်း ဘိက္ခုနီတွေ ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘိက္ခုနီကွယ်ပျောက်တော့ သီတင်းသည် ဆိုတဲ့ ပုရဗိုဇ်နွယ်ဝင်တွေ ရှိလာပါတယ်။ ဒါက သီလရှင်တွေရဲ့ ရှေးဦးလို့ ဆိုရင်လည်းရနိုင်ပါတယ်။ 

ကုန်းဘောင်ခေတ် သီလရှင်တွေက ဒီနေ့ခတ် သီလရှင်တွေလို ပန်းရောင်ကိုယ်ရုံမခြုံကြပါဘူး။ ပိတ်အဖြူသာ ဝတ်ကြပါတယ်။ သီလရှင်တွေ ပိတ်ဖြူဝတ်တာက သီပေါမင်းလက်ထက်အထိ တွေ့ရပါသေးတယ်။ ဒါကြောင့် “မယ်သူတော်” ဆိုတဲ့ အသုံးအနှုန်းလည်း သုံးကြပါတယ်။

မင်းတုန်းမင်းလက်ထက်ရောက်တော့ သာသနာရေးကပိုပြီး အားကောင်းလာတဲ့အခါ သီလရှင်ဝတ်ကြတဲ့ အမျိုးသမီးတွေ များလာပါတယ်။ မင်းတုန်းမင်းကိုယ်တိုင်လည်း သူ့ရဲ့သမီးတော်တွေကို သီလရှင် ဝတ်စေပါတယ်။ သီလရှင်ဘဝကို ကူးပြောင်းခဲ့တဲ့ မင်းတုန်းမင်းသမီးတော် ပင်တိုင်စံ စလင်းစုဘုရားနဲ့ သီပေါမင်းရဲ့ မိဖုရားခေါင် စုဘုရားကြီးတို့က သီလရှင်မယ်ကင်းရဲ့ တပည့်တွေပါ။

သီလရှင်မယ်ကင်းဆိုတာက ဝိနည်းမှာ ထင်ရှားတဲ့ ရှမ်းကလေးကျွန်း ဆရာတော်ရဲ့ ညီမဖြစ်ပြီး ဗန်းမော်ဆရာတော်ကြီးနဲ့ စာချိုးဖတ်အဖြစ် စာပေမှာ ထင်ရှားပါတယ်။ မင်းတုန်းမင်းခေတ်မှာ နန်းတွင်းက ဘုရင့်သမီးတော်တွေနဲ့ နန်းတွင်းသူတွေကို စာချပေးရတော့ ဆရာကင်းအဖြစ် ထူးချွန်ထင်ရှားခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။ သီလရှင်မယ်ကင်းကို ထွဋ်ခေါင်ဆရာတော်က သီလရှင်အဖြစ် သီလရှင်ပြုပေးခဲ့လို့ “သီလရှင်အစ ထွဋ်ခေါင်က” လို့ ဆိုရိုး ရှိသလို “သီလရှင်အစ မယ်ကင်းက” လို့လည်း ဆိုကြပါတယ်။ သီလရှင်မယ်ကင်းဟာ စစ်ကိုင်းတောင်ရိုးမှာ ဝိပဿနာကို ကျင့်ကြံနေထိုင်ပြီး ကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကိုင်းချောင်ဟာ သီလရှင်ကျောင်းတွေ စပေါ်ခဲ့ရာ နေရာဖြစ်ခဲ့ပါတယ်။

အဲဒီခေတ်က သီလရှင်တွေက ဘုန်းကြီးတွေလိုပဲ ဆွမ်းခံတတ်ကြပြီး ကိုရင်တွေနောက်ကနေ ဆွမ်းအုပ်နဲ့ ဆွမ်းခံကြပါတယ်။ သီလရှင်နေတဲ့ အဆောက်အအုံတွေကို ဇရပ်လို့ ခေါ်လေ့ရှိကြပါတယ်။

ကုန်းဘောင်ခေတ်နှောင်းပိုင်းလောက်မှာ သီလရှင် ကို “သီလသည်ဆရာကလေး” လို့ ခေါ်ဝေါ်တဲ့ အသုံးအနှုန်းက တွင်ကျယ်လာပါတယ်။ အဲဒီကနေ ကာလရွေ့လျားလာတော့ “ဆရာလေး” ဆိုတဲ့ ဒီနေ့ခတ် အသုံးအနှုန်း ဖြစ်လာပါတယ်။

နန်းတွင်းအထိ ပေါက်ရောက်အောင်မြင်ခဲ့တဲ့ သီလရှင်တွေရှိခဲ့ပေမဲ့ ရဟန်းတွေလောက်ထိတော့ ကြည်ညိုလေးမြတ်ခြင်းမခံရသလို၊ လာဘ်လာဘလည်း မပေါများကြပါဘူး။ အဲဒါအပြင် အမျိုးသားတွေက ကိုယ့်စိတ်၊ ကိုယ့်သဘောထားနဲ့ ကြိုက်တဲ့အချိန် သာသနာ့ဘောင်ဝင်လို့ရပေမဲ့ သီလရှင်တွေကတော့ မရပါဘူး။ အမျိုးသားတွေ သာသနာဘောင်ဝင်တာကို အားပေးတတ်ပေမဲ့ သီလရှင်ရာသက်ပန်ဝတ်တာမျိုးကိုတော့ ကြည်ဖြူလေ့မရှိကြပါဘူး။ ဒါကြောင့် မိဘခွင့်မပြုလို့ အိမ်ကနေထွက်ပြေးပြီး သီလရှင်ဝတ်ခဲ့ရတဲ့ အကြောင်းတွေကို သီလရှင်ဆရာကြီးတွေရဲ့ ဘဝမှတ်တမ်းတွေမှာ ဖော်ပြကြပါတယ်။

ဒီနေ့ခေတ်မှာတော့ ကိုယ့်စိတ်ကိုယ့်သဘောထားနဲ့ကိုယ် သီလရှင်ဝတ်ကြသူတွေ ရှိလာခဲ့ပါပြီ။

မျက်မှောက်ခေတ် သီလရှင်

ဒီနေ့ခတ် မြန်မာနိုင်ငံမှာတော့ ဘိက္ခုနီလည်း မရှိတော့သလို၊ ဝတ်ရုံဖြူကို ကိုယ်ရုံအဖြစ် ဝတ်ဆင်ကြတဲ့ သီလရှင်တွေလည်း မရှိသလောက် နည်းလာပါပြီ။ မြန်မာမှာ သီလရှင် ဆိုတာနဲ့ ပန်းရောင်ကိုယ်ရုံကို ဝတ်ဆင်ထားတဲ့ သာသနာ့အနွယ်ဝင်တွေအဖြစ်ပဲ သိထားကြပါတယ်။

ဘိက္ခုနီတို့လို ဝိနည်းသိက္ခာပုဒ်တွေလည်း မရှိ။ သံဃာဝိနည်းလောက်လည်း မများ။ လူပုဂ္ဂိုလ်များထက်လည်း သီလဆောက်တည်မှု ပိုများတဲ့ သီလရှင်တွေကို သာသနာ့ဝန်ထမ်း ဆိုတာထက် သာသနာ့အနွယ်ဝင် လို့သာ သုံးနှုန်းကြပါတယ်။

မြန်မာနိုင်ငံမှာ သီလရှင်တွေဟာ သံဃာဦးရေရဲ့ ၁၀ ပုံ ၁ ပုံလောက်ပဲ ရှိပြီး ခန့်မှန်းခြေ ၆၀,၀၀၀ ဝန်းကျင် ရှိပါတယ်။ ၁၉၆၁ ခုနှစ်အထိ သီလရှင်ဦးရေဟာ တစ်သောင်းမပြည့်ခဲ့ပါဘူး။ အဲဒီကနေ နှစ်ပေါင်း ၅၀ အကြာ ဒီနေ့ခေတ်ရောက်မှာ ဒီလောက်အရေအတွက် ထိ ရောက်ရှိလာခဲ့တာပါ။

ဒီနေ့ခေတ် သီလရှင်တွေကလည်း သူတို့ရဲ့ ရှေးမျိုးဆက် သီလရှင်များလိုပါပဲ။ ဗုဒ္ဓဘာသာယဉ်ကျေးမှုအရ သီလရှင်တစ်ပါးဟာ ဘုန်းကြီးတစ်ပါးလောက် အရိုအသေ အလေးအမြတ်ထား မခံရသေးပါဘူး။ သီလရှင်တွေဟာ ရဟန်းတွေ ပဉ္ဇင်းတက်သလို သိမ်ဝင်သိက္ခာတင်ပေးတာမျိုး မရှိတာကြောင့် ဘာသာရေးမှာဖြစ်ဖြစ်၊ လူမှုရေးမှာဖြစ်ဖြစ် သံဃာတွေနဲ့ တန်းတူအခွင့်အရေးမျိုး မရကြပါဘူး။

ပြောင်းလဲလာတာဆိုလို့ ကိုယ်ရုံပန်းရုံဝတ်ဆင်တာပဲ ရှိတာပါ။ ဒီနေ့ခတ်သီလရှင်တွေ ပန်းရောင်ကိုယ်ရုံဝတ်ကြတာက နှစ်ပေါင်း ၁၀၀ ကျော်လောက် ရှိပါပြီ။ သက္ကရာဇ် ၁၉၀၀ ကျော်လောက်က စစ်ကိုင်းချောင်မှာ သီတင်းသုံးနေတဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးကို သီလရှင်တွေက သွားရောက်ကန့်တော့ကြတော့ ဆရာတော်ကြီးက “နင်တို့လက်က လူထွက်နေတယ် ( လူဝတ်နှင့် တူနေသည်ဟု ဆိုလိုသည်)၊ အပေါ်ရုံနှင့် အရောင်တူပါစေ” ဆိုပြီး မိန့်ပါတယ်။ အဲဒီတုန်းက သီလရှင်တွေက ကိုယ်ရုံနဲ့ခါးဝတ်က မြေနီဆိုးပြီး ၊ အင်္ကျီကိုတော့ အဖြူရောင်ဝတ်ပါတယ်။ အဲဒီကနေစပြီး အဖြူရောင်က တဖြည်းဖြည်းကွယ်ပျောက်သွားပြီး ဒီနေ့လို ပန်းရောင်ဝတ်ဖြစ်သွားရတာပါ။

ဒါနဆန်ဟူသည်

တကယ်တော့ ဒါနဆန် အလှူခံတာဟာ သီလရှင်တွေရဲ့  အမှတ်အသားလို့တောင် ပြောလို့ရပါတယ်။ သီလရှင်နဲ့ ဒါနဆန်ဆိုတာ အတူယှဉ်တွဲနေတာပါ။ 

ဒါပေမဲ့ ကုန်းဘောင်ခေတ်ဦးတုန်းက သီလရှင်တွေဟာ ဘုန်းကြီးတွေပဲ ဆွမ်းခံလို့ရခဲ့ပါတယ်။ အဲဒီလို ဆွမ်းခံစားလို့ရနေတဲ့ သီလရှင်တွေဟာ ဆွမ်းဆန်စိမ်းခံခြင်းကို ဘယ်အချိန်လောက်မှာစပြီး ကူးပြောင်းသွားသလဲဆိုတဲ့ အထောက်အထားကိုတော့ မတွေ့ရပါဘူး။ အဲဒီလို ကူးပြောင်းခြင်းက သီလရှင်တွေရဲ့ အခြေခံအခက်အခဲတစ်ခု ဖြစ်လာပါတယ်။

လပြည့်၊ လကွယ် မတိုင်ခင် နှစ်ရက်မှာ ဆွမ်းဆန်စိမ်းခံထွက်ကြရပါတယ်။ တစ်လကို လေးရက် နေပူမရှောင်၊ မိုးရွာမရှောင် အိမ်ပေါက်စေ့ ဆွမ်းဆန်စိမ်း အလှူခံထွက်ရပါတယ်။ အလှူခံထွက်မှ ဆွမ်းဆန်အပြင် ဝတ္တုငွေအချို့လည်း ရပါတယ်။ ဒါပေမဲ့ အဲဒါကလည်း အမြဲတမ်းအဆင်ပြေနေတာမျိုး မဟုတ်ပြန်ပါဘူး။

“ဒါန ဆန် ပါရှင်” ဆိုတဲ့ အလှူခံစကားနောက်မှာ လှူဖွယ်ပစ္စည်းရတာလည်းရှိသလို ၊ မလှူနိုင်လို့ ခွင့်ပန်တဲ့အနေနဲ့ “ကန်တော့ဆန်ပါဘုရား”၊ “အကြွေမရှိသေးလို့ပါဘုရား” ဆိုတဲ့ နောက်ဆက်တွဲ တုန့်ပြန်မှုကို ရတာတွေလည်း ရှိပါတယ်။

ဒီလိုတွေကြောင့် သီလရှင်တွေရဲ့ ဆွမ်းအခြေအနေနဲ့ ရပ်တည်မှုဟာ ဆွမ်းဆန်စိမ်းအလှူခံခြင်းအပေါ်မှာ ရပ်တည်နေရသလို ဖြစ်နေပါတယ်။ လူပုဂ္ဂိုလ်တွေကလည်း အလှူဒါနပြုတဲ့အခါ ဘုန်းကြီးတွေကို လောင်းလှူမှ ကုသိုလ်ထူးပိုရတယ်ဆိုတဲ့ အယူစွဲခံယူချက်တွေရှိနေပြန်ပါတယ်။ ဒီတော့ ဘုန်းကြီးကို ဆွမ်းချက်ပြီးလှူဖို့ အားသန်ပြီး သီလရှင်တွေကို ဆွမ်းဆန်စိမ်းလှူဖို့ကျ အဆင်ပြေကာမှ၊ လက်ထဲပိုလျှံပါမှ လှူသလို ဖြစ်နေပါတယ်။

ဒါကြောင့် လူထုရဲ့ စီးပွားရေးချောင်လည်ကာမှ အလှူဒါန ပိုရသလို ဖြစ်လာပါတယ်။ လူထု စီးပွားရေးကျပ်တာနဲ့ သီလရှင်တွေပါ ကျပ်တည်းမှု ဖြစ်လာပါတယ်။ လူထုစီးပွားရေးနဲ့ သီလရှင်ရဲ့ ဆွမ်းဆန်အလှူခံခြင်းက တိုက်ရိုက်ဆက်စပ်လာပါတယ်။

သီတင်းသုံးရာ

သီလရှင်တွေရဲ့ နေထိုင်ရေးကို မီးမောင်းထိုးပြနေတဲ့ စကားတစ်ခုရှိပါတယ်။ “သီလရှင်တွေမှာ နေစရာ ဘုံမရှိဘူး" ဆိုတဲ့ စကားပါပဲ။ သီလရှင်ကျောင်းတွေက ဘုန်းကြီးကျောင်းတွေနဲ့ ယှဉ်ရင် သိသိသာသာ နွမ်းပါးကြပါတယ်။ သီလရှင်ကျောင်းအရေအတွက်ကလည်း မပြောပလောက်အောင် နည်းပါးပါတယ်။

နဂို ချမ်းသာမှုကြောင့်ဖြစ်စေ၊ ဒကာ၊ ဒကာမ အထောက်အပံ့ကောင်းတစ်ခုခုကြောင့်ဖြစ်စေ၊ မိသားစုထောက်ပံ့မှုကြောင့်ဖြစ်စေ ကိုယ်ပိုင်ကျောင်းမှာ သီးသီးသန့်သန့်နေထိုင်ပြီး တရားအားထုတ်ခြင်းကိုပဲ ဇောက်ချလုပ်ကိုင်နိုင်တဲ့ သီလရှင်ဆိုတာ အင်မတန်နည်းပါတယ်။  သီလရှင်အများစုက ဘုန်းကြီးကျောင်းနဲ့ တရားရိပ်သာလို နေရာမျိုးတွေမှာ သီတင်းသုံးနေကြရတာပါ။ ဒီတော့ ရိပ်သာ၊ ဒါမှမဟုတ် ဘုန်းကြီးကျောင်းတွေမှာ ဝေယျာဝစ္စအများအပြားကို ဆောင်ရွက်ပေးပြီး နေထိုင်ကြရပါတယ်။ ကိုယ်တိုင်ဆွမ်းခံထွက်ပြီး ရလာတဲ့ ဆွမ်းဆန်ကို ဆွမ်းပြန်ချက်ပြီး ကိုယ်သီတင်းသုံးရာကျောင်းရဲ့ ဥပဇ္ဇျယ်ဆရာကို ပြန်ကပ်လှူရပါတယ်။

တချို့လည်း သီးသန့်ကျောင်းဝန်းထဲမှာ စုပေါင်းနေထိုင်ကြပါတယ်။ အဲဒီလို နေထိုင်ဖို့လည်း သာသနာရေးဦးစီးဌာနက ခွင့်ပြုမှ ကျောင်းဆောက်နေလို့ရတာဖြစ်ပါတယ်။ 

သီးသန့်ကျောင်းဆောက်ပြီး သီတင်းသုံးဖို့ကလည်း အခက်အခဲတွေရှိပါတယ်။ သီလရှင်ဆိုတာက အမျိုးသမီးများဖြစ်တာကြောင့် အမျိုးသမီးလစဉ်ကိစ္စကစလို့ နေ့စဉ်အသုံးအဆောင်အထိ ဗာဟီရ များပါတယ်။ ဒီအတွက် ကုန်ကျစရိတ်၊ ပညာသင်ဖို့ နဲ့ ရေရှည်ရပ်တည်နိုင်ဖို့မှာ ပုံမှန်ထောက်ပံ့ပေးနိုင်မယ့် ဒကာ၊ ဒကာမ တွေ လိုပါတယ်။

၂၀၁၀ နှောင်းပိုင်းမှ ပေါ်ပေါက်လာတဲ့ ထေရီမတို့ရွာ လို သီလရှင်တွေအတွက် သီးသန့်ရိပ်သာတွေ ပေါ်လာပေမဲ့ သီလရှင်တိုင်း သွားရောက်နိုင်တဲ့ အနေအထားမျိုး မရှိသေးပါဘူး။

ပြည့်တဲ့အိုးများကို ရေထပ်လောင်းဖြည့်နေတဲ့ ကောလမင်းအိပ်မက်လိုပါပဲ။ တကယ့်နွမ်းပါးတဲ့ သီလရှင်ကျောင်းတွေက အခုအချိန်ထိ အလှူရှင်ကို လည်တဆန့်ဆန့် လုပ်နေရတုန်းပါ။

ခိုးကိုးရာပေးသူ

ကိုယ်တိုင် ခြိုးခြံပြီး နေထိုင်ပါသော်လည်း အမျိုးသမီးများဖြစ်တာကြောင့် မိခင်စိတ်ကလည်း ရှိပြန်ပါသေးတယ်။ ဒီအတွက်ကြောင့် စောင့်ရှောက်သူမဲ့ ကလေးတွေကို ပါ စောင့်ရှောက်တဲ့အလုပ်ကို လုပ်ကြပါသေးတယ်။

အထူးသဖြင့် နယ်မြေမတည်ငြိမ်တဲ့ တိုင်းရင်းသားဒေသက နွမ်းပါးတဲ့ မိန်းကလေးငယ်တွေဟာ ပညာဆက်သင်ကြားနိုင်ဖို့နဲ့ အသက်အန္တရာယ်ကာကွယ်ဖို့အတွက် မိဘတွေကိုယ်တိုင်က လာရောက်အပ်နှံတာမျိုးတွေ ရှိပါတယ်။ တချို့ဆို အသက်သုံးနှစ်လောက်ကတည်းက သီလရှင်ကျောင်းကို ရောက်လာကြတာ ရှိပါတယ်။ 

သန်လျင်က သဒ္ဒမ္မမဉ္ဇူ သီလရှင်စာသင်တိုက်မှာဆို ပလောင်မိန်းကလေးငယ် ရာနဲ့ချီပြီး ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ စာသင်တိုက်ကို ရောက်လာတဲ့မိန်းကလေးတွေဟာ သီလရှင်ဝတ်ပြီး မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပညာတွေကို သင်ယူနေပါတယ်။

ဒီလို နာမည်ရ၊ အလှူလာဘ်လာဘပေါများတဲ့ သီလရှင်ကျောင်းတိုက်တွေလိုပဲ ကိုယ်ထူကိုယ်ထ သီလရှင်ကျောင်းတိုက်လေးတွေကလည်း ကလေးစောင့်ရှောက်ရေးကို နိုင်သလောက် လုပ်နေကြတာရှိပါတယ်။ အဆင့်မြင့်ပညာသင်ကြားမှုကို မလုပ်ပေးနိုင်သော်လည်း သေစာရှင်စာဖတ်တတ်ဖို့နဲ့ ဘဝလုံခြုံရေးအတွက်တော့ ကာကွယ်မှုကို ပေးထားနိုင်ကြပါတယ်။

ကိုဗစ်၊ ကိုစစ်၊ ကုန်ဈေးနှုန်း

မြန်မာလူထုအနေနဲ့ လူးလှိမ့်အောင်ခံခဲ့ရတဲ့ ဒုက္ခလှိုင်းနှစ်ခု ရှိပါတယ်။ COVID 19 ရောဂါကပ် နဲ့ စစ်အာဏာသိမ်းမှု ပါ။ ကိုဗစ် ကိုစစ် ဆိုပြီး ပြောကြဆိုကြပါတယ်။ ဒီလှိုင်းနှစ်ခုဟာ လူထုအပြင် သီလရှင်တွေကိုလည်း တိုက်ရိုက်ထိခိုက်ခဲ့ပါတယ်။

အာဏာသိမ်းမတိုင်ခင် ဖြစ်ခဲ့တဲ့ ကိုဗစ်လှိုင်းအတွက် လူထုရော၊ သာသနာ့ဝန်ထမ်းတွေရော အခက်အခဲ အထွေအထူး မရှိခဲ့ပါဘူး။ အလှူရှင်တွေ ပေါများသလို အစိုးရရဲ့ စီမံကွပ်ကဲမှုက စနစ်ကျတာကြောင့် ကျန်းမာရေးထိခိုက်မှုအပြင် အခြားဘာကိုမှ ထူးပြီး စိတ်ပူစရာမရှိခဲ့ပါဘူး။

အာဏာသိမ်းပြီးနောက် ၂၀၂၀ ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်လှိုင်းကတော့ လူသေဆုံးမှုအပြင် အဘက်ဘက်ကလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။ အဲဒီလှိုင်းမှာ သီလရှင်ကျောင်းတိုက်တွေရဲ့ အကျပ်အတည်းဟာ သိသာလွန်းခဲ့ပြီး မီဒီယာထက်မှာပါ သတင်းဖြစ်လာပါတယ်။

ရောဂါအခြေအနေကြောင့် သီလရှင်ငယ်လေးများကို ထားရစ်ခဲ့ပြီး ကျန်းမာသူ အရွယ်ကောင်းသူ သီလရှင်ပျိုတွေသာ ဆွမ်းဆန်ခံထွက်ကြရပါတယ်။ ဆွမ်းဆန်စိမ်းခံ ထွက်ပြန်တော့လည်း “ကန်တော့ဆွမ်းပါဘုရား” ဆိုတာထက် “ဆွေမျိုးမှအပ မဝင်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုပဲ ရင်ဆိုင်ခဲ့ရပါတယ်။

လူထုရဲ့ စီးပွားရေးအခြေအနေနဲ့ လှူဒါန်းလိုစိတ်ပေါ်ကိုသာ အားထားနေရတဲ့ သီလရှင်တွေခမျာ ခေတ်ဆိုး ခေတ်ပျက် ကြီးထဲမှာ ဘာကိုမှ စောဒက တက်ခွင့် မရခဲ့ကြပါဘူး။ ပထမကိုဗစ်ကာလတုန်းကလို အစိုးရရဲ့ ထောက်ပံ့မှုနဲ့ စီမံမှုကိုလည်း လုံးဝ မရခဲ့ကြပါဘူး။ ကျောင်းမှာ စုဆောင်းသိုလှောင်ထားသမျှတွေကို ခြိုးခြံစားသောက်ရင်းသာ အများနည်းတူ ရုန်းကန်ခဲ့ကြရပါတယ်။

ကိုဗစ်ကို ကျော်လွန်ပြန်တော့လည်း လူထုက ပြန်လည်ဦးမော့မလာတော့ပါဘူး။ တဖြည်းဖြည်း ဆိုးရွားလာတဲ့ တိုင်းပြည်မငြိမ်သက်မှုတွေနဲ့အတူ ပျက်စီးယိုင်နဲ့လာတဲ့ စီးပွားရေးစီမံမှုတွေကြောင့် ကုန်ဈေးနှုန်းဟာ အဆမတန် ခုန်တက်လာပြန်ပါတယ်။

“ကန်တော့ဆွမ်းပါ ဘုရား” ဆိုတဲ့ အိမ်တွေက အခုတော့ “ဒါန ဆန်ပါရှင်” ဆိုတဲ့အသံသဲ့သဲ့ကြားရုံနဲ့ တံခါးပိတ်ကုန်ကြပါပြီ။ အရင်လောင်းလှူနေကြအိမ်တွေကလည်း ဆန်နှစ်ဇွန်းအိမ်က တစ်ဇွန်းဖြစ်လာ၊ တစ်ဇွန်းပဲ လှူနေသူက ဆန်ကြမ်းပြောင်းလှူ ကုန်ကြပါပြီ။ အလှူခံဝတ္ထုငွေဆိုတာလည်း မမြင်ရသလောက် ဖြစ်လာပါပြီ။

အရင်တုန်းက ဆွမ်းဆန်စိမ်းခွက်ထဲမှာ တွေ့ရတတ်တဲ့ ကြက်သွန်လေးတွေ၊ အာလူးလေးတွေ၊ ကော်ဖီမစ်ထုတ်လေးတွေ၊ ဝတ္ထုငွေစလေးတွေဟာလည်း ပျောက်ခြင်းမလှပျောက်ကွယ်ကုန်ပါပြီ။ 

အခုတော့ လက်တစ်ဆုပ်စာ ဆွမ်းဆန်စိမ်းလေးတွေက သီလရှင်တွေရဲ့ အသက်ငွေ့ငွေ့ဖြစ်လာနေပါတော့တယ်။ 

နုသစ်မိုး ( Y3A )

Read More:

မြန်မာ့ခရီးသွားလုပ်ငန်း - မီးခိုးတိတ်စီးပွားရေးမှ အနီရောင်အချက်ပြဆီသို့
ကိုဗစ်နှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာ့ခရီးသွားကဏ္ဍ ယိုင်လဲလာပုံ၊ လက်ရှိအခြေအနေနှင့် အနာဂတ်အလားအလာများကို ဆန်းစစ်လေ့လာထားသည့် ဆောင်းပါး
ဆင်းရဲလျှင် သဘာဝနွံပိုနစ်သည်
သဘာဝဘေးအန္တရာယ်ဆိုတာ ချမ်းသာတဲ့နိုင်ငံတွေထက် ဆင်းရဲတဲ့နိုင်ငံတွေမှာ ၁၅ ဆလောက် ပိုဖြစ်ပွားနေပါတယ်။ ဘာကြောင့်လဲ။

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!