သံကွင်းကြိုးနဲ့ ချိတ်ထားတဲ့ ကွန်ကရစ်တုံးကို ပါးစပ်နဲ့ကိုက်ပြီး မ, ပါတယ်။ အချိန်အဆမှန်ဖို့ မတ်တပ်ရပ်အနေအထားနဲ့ ခပ်မတ်မတ်ရပ်၊ လက်ကို ခါးပေါ်ထောက်ထားပြီး မေးရိုးနဲ့ လည်တိုင်ရဲ့ အားကိုပဲ အဓိက သုံးထားတယ်။ အခန့်မသင့်ရင် လည်တိုင်နဲ့ မေးရိုးမှာ ပြင်းပြင်းထန်ထန်ဒဏ်ဖြစ်သွားနိုင်တဲ့ လေ့ကျင့်ခန်းဖြစ်လို့ တစ်ချက်ချင်း သတိနဲ့ထိန်းပြီး လေ့ကျင့်နေတာကို တွေ့ရတယ်။ ဒီလိုလုပ်နေရတာက သူ့မေးရိုးတွေ လက်သီးနဲ့ ကောင်းကောင်းအထိုးခံနိုင်ဖို့အတွက်တဲ့။

“ ဒီအားကစားကလွဲပြီး ကျန်တာဘာမှ စိတ်မဝင်စားဘူး။ ကျတော့်ဘဝမှာ ချန်ပီယံဖြစ်ဖို့ တစ်ဘဝလုံး ပုံအပ်နိုင်တယ်။ အားကစားနဲ့ပတ်သက်ရင် မိသားစုနဲ့လည်း ခွဲနိုင်တယ်။ ကျတော်ချစ်ရသူတွေနဲ့လည်း ခွဲနိုင်တယ်”

ကြိုးဝိုင်းထဲဝင်တဲ့အခါ ပုခုံးပေါ်ဝဲကျနေတဲ့ သူ့ရဲ့ ဆံပင်ထူထူတွေကို ကျစ်ဆံမြီး ကျစ်ထားတတ်တယ်။ သူ့မျက်လုံးမှေးမှေးလေးက ပြိုင်ဘက်ကို သတိမလွတ်အောင် စူးစိုက်ကြည့်နိုင်တယ်။ အဆီပိုမရှိ ကြွက်သားအပြည့်ဖြစ်နေတဲ့ ကိုယ်လုံးကိုယ်ထည်က အပြင်းအထန် လေ့ကျင့်ထားသူမှန်း သိသာတယ်။ ပတ်တီးအထပ်ထပ်စည်းထားတဲ့ လက်သီးဆုပ်နဲ့ ရှည်လျားတောင့်တင်းတဲ့ခြေတံက ပြိုင်ဘက်ကို ဗိုင်းခနဲလဲကျသွားအောင် ခြိမ်းခြောက်နိုင်တယ်။ အောင်ပွဲရတဲ့အခါ ကယန်းအလံတော်ကို သူ့ကိုယ်ပေါ်လွှမ်းခြုံပြီး အောင်ပွဲခံလေ့ရှိတယ်။

လက်ဝှေ့ထိုးတာအပြင် သီချင်းဆိုတာလည်း ဝါသနာပါတဲ့သူ့ကို ချစ်ခင်သူတွေက ဗီ လို့ ချစ်စနိုးခေါ်ကြတယ်။ ကြိုးဝိုင်းထဲမှာတော့ ကျားသစ်မယ် လို့ သိကြတယ်။ သူ့ကိုယ်သူတော့ "ကျွန်တော်"လို့ သုံးနှုန်းတတ်တယ်။ သူကတော့ မြန်မာ့ရိုးရာလက်ဝှေ့လောကရဲ့ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ချန်ပီယံတစ်ဦးဖြစ်တဲ့ ဘရော်နီကာ ပါပဲ။

မိန်းကလေးဆိုတာ ဘယ်လိုပုံစံပြုမူနေထိုင်ရမယ်ဆိုတဲ့ စံနှုန်းသတ်မှတ်ချက်ကြီးတဲ့ လူမှုဝန်းကျင်ထဲနေ လက်ဝှေ့မယ် ဖြစ်လာခဲ့ရတဲ့ သူ့ရဲ့ခရီးကလည်း ကြိုးဝိုင်းထဲကလို ခက်ခဲကြမ်းတမ်းပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ လက်ဝှေ့ဆိုတာ ဘုန်းကြီးနဲ့ဘီးလို တွဲမြင်ကြည့်လို့မရတဲ့ အရာလို့ သတ်မှတ်ထားကြတာပါ။ ဒီအနေအထားကို ပြောင်းလဲပစ်လိုကြတဲ့ အမျိုးသမီးတွေ ရှိခဲ့ပါတယ်။ အဲဒီထဲကမှ ခရီးအဆုံးအထိ ထူးချွန်စွာဖောက်ထွက်လာနိုင်ခဲ့သူကတော့ ဘရော်နီကာပါပဲ။

သူ့ကို ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲက ကဖု ဆိုတဲ့ မထင်မရှားရွာလေးမှာ မွေးဖွားခဲ့ပါတယ်။ ကယန်းတိုင်းရင်းသားတွေဖြစ်တဲ့ သူတို့မိသားစုမှာ ဖခင်ဖြစ်သူက အိပ်ရာထဲလဲနေရတဲ့ နာတာရှည်ရောဂါသည်၊ မိခင်က ရွာထဲမှာချက်အရက်ရောင်းသူ။ မွေးချင်းမောင်နှမ ခြောက်ယောက်ထဲမှာ သူက ငါးယောက်မြောက်။ စားအိုးကြီးတဲ့ မိသားစုရဲ့ဝမ်းရေးကို မိခင်လုပ်သူကပဲ ချက်အရက်ရောင်းပြီး ရှာဖွေကျွေးမွေးရတော့ သူလည်းပဲ မိခင်ကိုကူပြီး အရက်ရောင်းပေးခဲ့ရတယ်။

လက်ဝှေ့ဆိုတာကို ဘာမှန်းမသိသေးခင်ကတည်းက သူက ထိုးရကြိတ်ရတာကို ဝါသနာပါခဲ့တယ်။ ငယ်ငယ်ကတည်းက အက်ရှင်ရုပ်ရှင်တွေဆိုလည်း အရူးအမူးကြိုက်တယ်။ နံရံတွေ့ရင် လက်သီးနဲ့ထိုး၊ ငှက်ပျောပင်တွေ့ရင် ခြေနဲ့ကန်တတ်သူ။ သူကြိုက်တဲ့ အက်ရှင်ရုပ်ရှင်တွေထဲကအတိုင်း သူ့ငယ်ဘဝတလျှောက်လုံးကို အဲဒီလို ဖြတ်သန်းခဲ့တယ်။

ဖယ်ခုံမြို့ပေါ်ကို ကျောင်သွားတက်ရတဲ့ အချိန်ရောက်တော့ ကျောင်းအားကစားပွဲမှာ လက်ဝှေ့အတွက် နာမည်စာရင်း ပေးတယ်။ ဆရာမတွေက မိန်းကလေးဖြစ်နေတာကြောင့် "နင့်ပုံစံနဲ့ မဖြစ်ဘူး" ဆိုပြီး အပယ်ခံရတယ်။ နောက်နေ့ရောက်တော့ အားကစားဆရာတစ်ယောက်က နင် လက်ဝှေ့ထိုးမလားဆိုပြီး သူ့ကို မေးလာတယ်။ အစကတည်းက ထိုးရကြိတ်ရတာကို ရူးရူးမူးမူးစွဲလန်းသူမို့ မဆိုင်းမတွ ခေါင်းညိမ့်လက်ခံခဲ့တယ်။ အဲဒီကတည်းကစပြီး လက်ဝှေ့ထိုးတဲ့ သူ့အိပ်မက်က အသက်စဝင်လာခဲ့တာပါပဲ။

လက်ဝှေ့ဆိုတာ ဘာဆိုတာကို တီးမိခေါက်မိရှိလာချိန်ရောက်တော့ ဒီအားကစားကလွဲပြီး ကျန်တာကို ဘာမှ စိတ်မဝင်စားတော့ဘူး။ လက်ဝှေ့ချန်ပီယံဖြစ်ဖို့ဆိုတဲ့ အိပ်မက်က သူ့တကိုယ်လုံးကို သိမ်းပိုက်လိုက်တယ်။ ဘဝမှာ သူ့အတွက် လက်ဝှေ့အားကစားက မရှိမဖြစ်ဆိုတာကို ကျကျနနနားလည်လာတော့ ဒီအတွက်ကို စွန့်စားဖို့ ဆုံးဖြတ်ခဲ့တယ်။

၂၀၁၁၊ သူ့အသက် ၁၆ နှစ်၊ ကိုးတန်းကျောင်းသူအရွယ်မှာပဲ မိဘတွေသဘောမတူတဲ့ကြားက လက်ဝှေ့လောကထဲ ဝင်ဖို့ဆိုပြီး နေပြည်တော်က အားကစားလေ့ကျင့်ရေးစခန်းကို ရောက်အောင်သွားခဲ့တယ်။ နေပြည်တော်ကို လာဖို့အတွက်လည်း အဒေါ်ဖြစ်သူဆီက ပိုက်ဆံချေးပြီး လာခဲ့ရတယ်။ နေပြည်တော်က အားကစားလေ့ကျင့်ရေးစခန်းကို ရောက်ပြန်တော့လည်း သူ့အတွက် အခက်အခဲတွေက ကြိုနေတယ်။ သူက ဗမာစကားကို ရေလည်ပတ်လည် မပြောတတ်ဘူး။ နားလည်း သိပ်မလည်ဘူး။ သူများပြောရင် အင် ... အာ ဆိုပြီး မျက်လုံးလေးအကြောင်သားနဲ့ နေရတဲ့အဖြစ်။

“ ငယ်ငယ်လေးကတည်းက နံရံထိုးလိုက်၊ ငှက်ပျောပင်တွေ့လို့ရှိရင် ထိုးလိုက်၊ အဲဒီလိုမျိုးနဲ့ အက်ရှင်ကားတွေကြည့်ပြီး အရမ်းရူးသွပ်တာလေ။ ဖြစ်ချင်တဲ့စိတ်က အမြဲတမ်း တွေးနေတာ။ တကယ်တမ်း ဒီလိုဖြစ်လာမယ်လို့တော့ မစဉ်းစားဖူးဘူး တစ်ခါမှ ။ ဒါပေမဲ့ ဒါလည်း ဘုရားပေးတဲ့ ပါရမီပေါ့နော်”ဆိုပြီး ဘရော်နီကာက ရိုးရိုးရှင်းရှင်းပဲ ပြောပြတယ်။

သူဟာ နေပြည်တော်က ရွှေကြာပင်လေ့ကျင့်ရေးစခန်းမှာ နှစ်နှစ်နီးပါး ကြိုးစားပမ်းစား သင်ယူခဲ့တယ်။ ၂၀၁၃ ရောက်တော့ ပြိုင်ပွဲတွေ စပြီး ပြိုင်ခဲ့တယ်။ ၂၀၁၅ မှာ စင်ကာပူ ဆီးဂိမ်းရဲ့ Boxing ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရတယ်။ အဲဒီမှာ ကြေးတံဆိပ်ဆု ရခဲ့တယ်။ အဲဒီကစပြီး နိုင်ငံခြားပွဲစဉ်တွေ ဆက်တိုက်ပြိုင်ခဲ့တယ်။ Boxing ကစားနေရာကနေ ၂၀၁၇ ရောက်တော့ မြန်မာ့ရိုးရာလက်ဝှေ့ကို ပြောင်းပြီးကစားခဲ့တယ်။

အဲဒီအချိန်မှာ လက်ဝှေ့ပညာကို သူပိုပြီးနားလည်လာတယ်။ Boxing နဲ့ မြန်မာ့လက်ဝှေ့ရဲ့ ကွာခြားမှုကို သိလာတယ်။ Boxing က လက်ကိုအဓိက ကစားရတာဖြစ်ပြီး ခေါင်းမှာ အကာအကွယ်ဆောင်းရသလို လက်အိတ်လည်း ဝတ်ခွင့်ရှိတယ်။ မြန်မာ့လက်ဝှေ့ကတော့ လက်အိတ်စွပ်ခွင့်မရှိ၊ ခြေ၊ လက်၊ ဒူး၊ တံတောင်အပြင် ခေါင်းနဲ့ပါ တိုက်ခိုက်လို့ရတာဖြစ်လို့ ပိုပြီးကြမ်းတမ်းတဲ့ အားကစားနည်းဖြစ်တယ်။

ဒီလို ကစားနည်းပြောင်းလိုက်တော့ လက်သီးပြင်းအားကိုပဲ အဓိက ကစားခဲ့တဲ့ Boxing သမားမို့ ခြေနဲ့ကန်တာ၊ ခေါင်းနဲ့တိုက်တာတွေမှာ အားနည်းခဲ့တယ်။ ဒါကြောင့် အစပိုင်း ပြိုင်ပွဲတွေမှာ သူ့အတွက် အခက်အခဲတွေ ရှိခဲ့တယ်။ ပြိုင်ပွဲတွေမှာ သရေကျတယ်။ ရှုံးတာလည်း ရှိတယ်။ ဒါပေမဲ့ အားမလျော့ဘဲ ရိုးရာလက်ဝှေ့ကို ဆက်ပြီးကစားခဲ့တယ်။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့ရိုးရာလက်ဝှေ့မှာ အရင်တုန်းက ရိုးရာလက်ဝှေ့မယ်တွေ ပေါ်ခဲ့ပေမဲ့ အခုချိန်မှာတော့ ကစားသူ မရှိတော့သလို ပွဲတွေလည်းမရှိတော့တာမို့ သူက ဒီကွက်လပ်ကို ဖြည့်ချင်တယ်။ လက်ဝှေ့အားကစားကို မိန်းကလေးတွေအနေနဲ့ ဘာကြောင့် မလုပ်နိုင်ရမှာလဲဆိုတဲ့ စိတ်ကလည်း သူ့ကြိုးစားမှုရဲ့ အခြေခံစိတ်ဖြစ်ခဲ့တယ်။

၂၀၁၉ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့။

တောင်ငူမြို့မှာ  ရိုးရာလက်ဝှေ့ ချန်ပီယံရွှေခါးပတ်လုပွဲ လုပ်ခဲ့တယ်။ အဲဒီပွဲမှာ ထိုင်းလက်ဝှေ့မယ် Wanida Yucharoen နဲ့ သူ ယှဉ်ပြိုင်ခဲ့ရတယ်။ အဲဒီပွဲမှာ အနိုင်ရခဲ့ပြီး ရိုးရာလက်ဝှေ့ ရွှေခါးပတ်ဆုရှင် ဖြစ်လာခဲ့တယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။ အဲဒီကစပြီး ပြည်တွင်းပြည်ပ ပြိုင်ပွဲတွေမှာ ဆက်တိုက်ဆိုသလို အောင်ပွဲတွေ ရလာတယ်။ အမျိုးသမီး လက်ဝှေ့အားကစားသမား ဘရော်နီကာဆိုတဲ့ နာမည်ကလည်း လက်ဝှေ့လောကမှာ ထွန်းပေါက်လာတယ်။ ဒီအောင်မြင်မှုတွေကြောင့်ပဲ အမျိုးသမီးရိုးရာလက်ဝှေ့မယ်အဖြစ်နဲ့  ကမ္ဘာ့အသိအမှတ်ပြုဖြစ်လာစေရမယ်ဆိုတဲ့ သူ့ရဲ့အိပ်မက်ဟာ ခိုင်မာပြီးရင်း ခိုင်မာလာခဲ့တယ်။

“ ကျတော်က အမျိုးသမီးတစ်ယောက်ဖြစ်နေလို့ဆိုတဲ့ အခက်အခဲတွေကို အခက်အခဲလို့ မမြင်ဘူး။ ကြမ်းတမ်းတာ ကို ကြိုက်တယ်။ လေ့ကျင့်ရင်းနဲ့ ဒဏ်ရာရတာလောက်ပဲ။ တစ်ခုပဲ တစ်လတစ်ခါ ရာသီသွေးကိစ္စ။ ဒီကိစ္စဖြစ်ပြီဆိုရင် လေ့ကျင့်ခန်းလည်း မလုပ်နိုင်ဘူး။ မျက်ရက်ကျလောက်အောင် လူးလှိမ့်နေအောင်ဖြစ်တယ်။ အဲဒီအချိန် ပွဲတွေနဲ့ တိုးတာလည်း ကြုံဖူးတယ်။ အဲဒါဆို ကိုယ့်ကိုယ်ကိုယ် အရမ်းဂရုစိုက်ရတယ်”

ကြမ်းတမ်းတဲ့ အားကစားနည်းမှာ အမျိုးသမီးအနေနဲ့ ရှင်သန်တိုက်ခိုက်နေတဲ့ သူ့အတွက် period time တွေက ကြီးမားတဲ့ စိန်ခေါ်မှုတွေပါ ။ ဒီလို မွေးရာပါသွေးသားဖြစ်စဉ်အပြင် ပြင်ပအခင်းအကျင်းမှာလည်း အခက်အခဲတွေက တသီတသန်းပါပဲ။  

ရိုးရာလက်ဝှေ့မှာ အမျိုးသမီးဈေးကွက်က အားနည်းပါတယ်။ ပွဲလည်း သိပ်မရှိပါဘူး။ လက်ဝှေ့မယ်တွေရဲ့ ထိုးကြေးကလည်း သိပ်မရပါဘူး။ ခန့်မှန်းခြေအရဆို သူ့အနေနဲ့ တစ်ပွဲကို အလွန်ဆုံးရမှ ၁၅ သိန်းပါပဲ။ ပွဲဆိုလည်း ၂၀၁၇ ကနေ ၂၀၂၀ အထိ ကို ၁၈ ပွဲလောက်သာ ထိုးခဲ့ရပြီး ပြိုင်ဘက်အများစုကလည်း ပြည်ပကပါ။ သူ့အနေနဲ့ လက်ဝှေ့ကို အားကြိုးမာန်တက် ထိုးချင်တာတောင်မှ ပွဲနည်းတော့ အဆင်မပြေပါဘူး။ စားဝတ်နေရေးအပြင် ထောက်ပံ့ရမယ့် မိသားစုလည်း ရှိသေးတော့ ပွဲမထိုးဖြစ်ရင် Gym Trainer  လုပ်ပါတယ်။ သူ့ရဲ့  ဇွဲနဘဲကြီးမှုကိုတော့ ဘယ်အခက်အခဲကမှ ရပ်တန့်အောင် လုပ်လို့မရခဲ့ပါဘူး။

ဒါပေမဲ့ လှိုင်းလုံးကြီးတစ်ခုကတော့ သူ့ကို အဝေးဆီလွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ အာဏာသိမ်းမှုဆိုတဲ့ လှိုင်းလုံးကြီးပါ။ ဒီလှိုင်းလုံးကြီးဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်း ရပ်တည်မှုအပြင် သူ့ရဲ့ငယ်ဘဝ စိတ်ဒဏ်ရာထရော်မာတွေအပေါ်ကိုပါ ရိုက်ခတ်ခဲ့ပါတယ်။

“အာဏာရှင်စနစ်ကို သဘောမကျဘူး၊ ကျတော်တို့ ငယ်ငယ်တုန်းကလည်းက ခံစားခဲ့ရပြီးပြီ။ ငယ်ငယ်ကဆို သူများ ဗမာစကားပြောတာ ကြားတာနဲ့တင် အိမ်ထဲမှာ ဝင်ပုန်းပြီးတော့ နားပိတ်ထားရလောက်အောင် ကြောက်ခဲ့ပြီးပြီ။ ဒါမျိုးတွေ ပြန်မဖြစ်ချင်တော့ဘူး။ ကြောက်စိတ်နဲ့ ရှင်သန်နေရာတာတို့ ထပ်မဖြစ်ချင်တော့ဘူး။ သဘောမကျဘူး။ အားလည်းမပေးဘူး”

အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှာ သူဟာ တော်လှန်ရေးအတွက် လက်နက်ကိုင်သွားတယ်ဆိုပြီး သတင်းတွေထွက်လာပါတယ်။ တောထဲရောက်သွားပြီလို့လည်း ပြောကြတယ်။ ထောက်ပို့ရေးလုပ်တယ်ဆိုပြီးလည်း သတင်းတွေထွက်တယ်။ တကယ်တော့ သူက ဘယ်မှမရောက်ဘဲ ရန်ကုန်မှာပဲ ရှိနေခဲ့တာပါ။  ဒါပေမဲ့ သူ့နာမည်တပ်ထားတဲ့ သတင်းမျိုးစုံထွက်လာချိန်မှာတော့ သူ့လုံခြုံရေးအတွက် စိတ်ပူလာရပါတယ်။  နေရတာ မလုံခြုံလာတာအပြင် သူ့အနေနဲ့ လက်ဝှေ့လည်း ဆက်ထိုးချင်သေးတယ်။ ဒီလိုနဲ့ပဲ မိတ်ဆွေတွေအကူအညီနဲ့ ထိုင်းနိုင်ငံဆီ ထွက်လာခဲ့ရတယ်။

လုံခြုံရေးအခြေအနေတွေကြောင့်သာ ထွက်ခွာလာခဲ့ရပေမဲ့ သူ့မှာ ကြိုတင်စီစဉ်ထားမှုတွေ တစ်ခုမှ မရှိခဲ့ပါဘူး။ ကိုယ်ပိုင်သုံးစရာမရှိ လက်ဗလာနဲ့ ထွက်လာခဲ့ရတာပါ။ ရောက်စအချိန်တွေမှာ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ရပ်တည်ခဲ့ရတယ်။ ဘာသာစကား မကျွမ်းကျင်မှု၊ လူနေမှုပတ်ဝန်းကျင်အခြေအနေတွေကို ရအောင် ကျော်ဖြတ်ခဲ့ရပြန်တယ်။

၂၀၂၁ နှစ်ကုန်ပိုင်းလောက်ရောက်တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် Tiger Muay Thai Gym ကို ရောက်သွားတယ်။ အဲဒီက ထရိန်နာ ဆရာကောင်းတွေရဲ့ သင်ပြမှုအောက်မှာ သူ့လက်ရည်က တက်လာတယ်။ မွေထိုင်းလောကထဲကို ဗီရူဂျီရဝမ် ဆိုတဲ့ နာမည်နဲ့ ဝင်ရောက်ခဲ့တယ်။ ပွဲဦးထွက်မှာ ရှုံးတယ်။ မကျေပွဲပြန်လုပ်တော့ နိုင်တယ်။ အဲဒီနောက်ပိုင်း အလဲထိုးအနိုင်ပွဲတွေ ဆက်တိုက်ရပြီး မွေထိုင်းလောကမှာ ထင်ရှားလာခဲ့တယ်။

နိုင်ပွဲတွေ ရလာတဲ့ သူ့ကို ထိုင်းနိုင်ငံ မွေထိုင်းလောကရဲ့ နာမည်ကြီးဖြစ်တဲ့ Thai Fight က သုံးနှစ် စာချုပ်ချုပ်ခဲ့ပါတယ်။ မြန်မာမှာဆို တစ်ပွဲထိုးရဖို့တောင် မလွယ်ကူတဲ့သူဟာ ထိုင်းမှာ ပွဲတွေဆက်တိုက်ဆိုသလို ထိုးလာရတယ်။ ၂၀၂၂ ဧပြီ ၁၇ ၊ ပထုံဌာနီမှာ ကျင်းပခဲ့တဲ့ လက်ဝှေ့ပြိုင်ပွဲမှာ ပြိုင်ဘက် ထိုင်းလက်ဝှေ့မယ်ကို စက္ကန့် ၃၀ အတွင်း အနိုင်ရပြီးနောက်မှာတော့ ကမ္ဘာ့မွေထိုင်းအဖွဲ့ကြီးရဲ့ အထူးချွန်ဆုံး အတော်ဆုံး အားကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အခုဆို သူက ထိုင်းဘုရင့်ဖလား လက်ဝှေ့ပြိုင်ပွဲရဲ့ ထပ်ဆင့်ချန်ပီယံ၊ လက်ရှိ အမျိုးသမီးမွေထိုင်း ၅၃ ကီလိုဝိတ်တန်းရဲ့ ကမ္ဘာ့နံပါတ်တစ် ဖြစ်နေပါပြီ။ ထိုင်းနိုင်ငံရဲ့ မွေထိုင်းလောကမှာ သူနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့်သူ ရှားပါးလာတဲ့အထိ ဖြစ်လာနေပါပြီ။ ပြိုင်ဘက်တွေကို အလဲထိုးပြီး အနိုင်ယူတတ်လို့ သူ့ကို Thai Fight မှာ အလဲထိုးဘုရင်မ ဆိုပြီး ခေါ်နေကြရပါပြီ။

“ ကြက်လိုတိုက်ရမယ်ပြောတယ် ။ ဆုတ်လို့ လုံးဝမရဘူး တဲ့။ ဆုတ်ရင် အမှတ်မပေးဘူးတဲ့။ Thai Fight ကို ရောက်ကတည်းက သူတို့က ကျတော့်ကို အဲဒီအတိုင်း ပြောခဲ့တာပါ။ ကျတော် ဒီအတိုင်း လုပ်ခဲ့တာပါ။ ကျတော် တစ်ချက်မှ မဆုတ်ဘူး။ ဒါပေမဲ့ အခုချိန်မှာ ကျတော်လုပ်နိုင်တယ်။ ရှုံးပွဲလည်း နည်းတယ်ဆိုတော့လေ။ ထိုင်းရောက်တဲ့ နှစ်နှစ်မှာ ရှုံးပွဲတစ်ပွဲပဲ ရှိတယ်။ တောက်လျှောက်နိုင်တယ်။ သူတို့က ကျတော့်ကို အမြဲတမ်း အားကစားအရမ်းရူးတဲ့ မိန်းမပေါ့။ ကိုယ့်ကိုကိုယ် ပိုပြီး အထင်ကြီးလာကြတယ်။ ပြီးတော့ ဘယ်ကလဲ... မြန်မာကဆိုတော့ ပိုပြီး သိလာကြတယ်။ အဲဒီအတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူပါတယ်”

ဒါပေမဲ့ ဒီနှစ် ဖေဖော်ဝါရီမှာလုပ်ခဲ့တဲ့ နောက်ဆုံးပွဲမှာတော့ မွေထိုင်း ၁၇ ပွဲဆက်တိုက် အနိုင်ရထားတဲ့သူက ဒိုင်ရဲ့အမှတ်ပေးအဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ ထိုးသတ်ခဲ့ရတဲ့ မွေထိုင်းပွဲစဉ်မှာ သူဟာ အိမ်ရှင်ထိုင်းလက်ဝှေ့မယ် ဖာစိုင်းကို  ထိမိတဲ့ ကန်ချက်၊ ထိုးချက်တွေနဲ့ ပွဲချိန်တလျှောက်လုံး လက်ရည်အသာစီးနဲ့ ထိုးသတ်ခဲ့ပေမဲ့ အမှတ်ပေးဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ သူ့ကို အတော်လေး အထိနာစေခဲ့သလို ဒိုင်တွေရဲ့ ဘက်လိုက်မှုကြောင့်ဆိုပြီး ဝေဖန်မှုတွေလည်း ထွက်လာခဲ့ပါတယ်။

သူ့အနေနဲ့ကတော့ ဒီရှုံးပွဲကို မေ့ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုနဲ့ပဲ ပြန်ပြီးရှေ့ဆက်ဖို့ အားယူနေပါပြီ။ ဒီနှစ်ကုန်ရင် Thai Fight နဲ့ သူ့ရဲ့ စာချုပ်ကလည်း သက်တမ်းကုန်ပြီမို့ မွေထိုင်းကနေ အနားယူပြီး MMAဆီ သွားဖို့ ပြင်ဆင်နေပါပြီ။ အောင်လအန်ဆိုင်းလို MMA Fighter တစ်ယောက် ဖြစ်လာချင်တဲ့ သူ့အတွက် One Championship က နောက်ထပ် အိပ်မက်အသစ်ဖြစ်လာပါတယ်။ သူဟာ သူ့ရဲ့အိပ်မက်တွေနောက်ကို အခုထိ လိုက်နေဆဲပါ။ တိုက်ခိုက်မှုတွေကို သူဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။ ကြိုးဝိုင်းထဲက ဘဝဟာ သူ့တစ်ဘဝလုံး တောင့်တလာခဲ့ရတဲ့ ဖြစ်တည်မှုတစ်ခုပါ။

“ ကျတော့ကို အားပေးတဲ့ အယောက်စီတိုင်းကို အရမ်းလေးစားတယ်။ မြန်မာမှာက အကုန်လုံး ခက်ခဲနေတယ်။ အင်တာနက်မရတဲ့ကြားကနေ ကျတော့်ပွဲကို ကြည့်တာကို သိတယ်။ သူတို့ကို အထူးပြောချင်တာက ကိုယ့်ကိုယ်ကို လုံခြုံအောင်နေပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ကျတော် အကောင်းဆုံး ကြိုးစားသွားမယ်”

မိခင်ဖြစ်သူကို အရက်ကူရောင်းရင်း တွေ့ကရာ သစ်ပင် ကန်ကျောက်ကစားခဲ့တဲ့ တောင်ပေါ်သူ ကယန်းမိန်းကလေးငယ်လေးဟာ အခုတော့ ကမ္ဘာ့စင်မြင့်ပေါ်မှာ အားမာန်အပြည့်နဲ့ Fighter တစ်ယောက် ဖြစ်လာခဲ့ပါပြီ။

MMA စင်မြင့်တွေပေါ်မှာရော ကယန်းအလံခြုံထားတဲ့ ကယန်းကျားသစ်မယ်လေးအဖြစ် မြင်လာရအုံးမှာလား။ ကြိုးဝိုင်းထဲက ကျားသစ်မယ်လေးရဲ့  လက်ခမောင်းခတ်သံကို ဂုဏ်ယူစရာ ရှားပါးလွန်းတဲ့ နိုင်ငံလေးထဲက ပြည်သူတွေကတော့ ရေကြည်တစ်ပေါက်လို မျှော်နေကြအုံးမှာပါ။

နုသစ်မိုး ( Y3A )

 

 

 

Share this article
The link has been copied!